အေးစိမ့်စိမ့် ရာသီလေထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ မျောပါရင်း အဲဒီလှပတဲ့ မြို့လေးထဲ ကျွန်မရဲ့ ပျော်ရွှင်မှုတချို့ ပျော်ဝင်လို့…။ မြူခပ်ဆိုင်းဆိုင်း ပတ်ဝန်းကျင်က ညိမ့်ညိမ့်ညောင်းညောင်းနဲ့  ကျွန်မတို့ပတ်ဝန်းကျင်မှာ အကျအနနေရာယူထားတဲ့ အချိန်..။

ညနေဝင်ရီတရော ကဗျာတစ်ပုဒ်နဲ့ စိုင်းထွန်းလိုက်ပို့တဲ့ မြေအိုးမြီးရှည်ဆိုင်လေးက ငြိမ်းချမ်းမှုတွေနဲ့ ခမ်းနားနေတယ်။ နီယွန်မီးရောင် ဖုံဖုံလေး ဖြန့်ကျက်ထားတဲ့ ပြင်ဦးလွင်- လားရှိုးလမ်းမပေါ်မှာ တစ်ခါတလေ ရထားလုံး တချို့တလေ ဖြတ်သန်းသွားပေမဲ့ ဓာတ်ပုံတောင် ရိုက်ဖို့ သတိမရလောက်တဲ့ထိ …။ အဲဒီ မြို့လေးရဲ ရနံ့ဖြာဖြာမှာ စိမ့်ဝင် စီးမျောရင်း ခွဲသွားရမှာကို ကြောက်လာတယ်။

သက်မဲ့ မြို့လေးလို့ပဲ ပြောရမလား၊ သက်ရှိ မြို့လေးလို့ပဲ ပြောရမလားမသိ၊ ပြင်ဦးလွင်ရဲ့ ရင်ခွင်က အေးချမ်းလွတ်လပ်ပြီး ငြိမ်းချမ်းမှု ရနံ့တွေလည်း ရတယ်။

အေးစိမ့်စိမ့် ညချမ်းနဲ့ ပူပူလောင်လောင် မြေအိုးမြီးရှည်တွေ..။ အငွေ့ပျံသွားတဲ့ အချိန်နာရီတွေ…။ လှတ ပတ ဆွယ်တာဆိုင်တွေနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ…။ ဦးနှောက်ထဲမှာ ထင်းထင်းကြီးမဟုတ်ဘူး။ သာသာညင်းညင်း ..။

အဲဒီ မြို့လေးနဲ့ ကျွန်မရဲ့ ရေစက်က ထူးဆန်းသား။ ခက်ခက်ခဲခဲ နားစွင့်ခဲ့ရတဲ့ ဖုန်းသံတွေနဲ့ အချိန်ကုန်စေချင်ခဲ့တဲ့ စာစကားဝိုင်းတွေလည်း ပါတယ်။ မဟာအံ့ထူးကံသာ ဘုရားပေါ်က ကင်မရာ ခလုတ်ဖွင့်သံတွေလည်းပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီ ပြင်ဦးလွင်ညချမ်းက မြေအိုးမြီးရှည်….၊ဆွယ်တာစမ်းဝတ်ရခြင်း……..၊ မီးလုံးတွေပျက်နေတဲ့ ကော်ဖီဆိုင်ထိုင်ခုံ……….၊ စတဲ့ ပါဝင်ပစ္စည်းတွေနဲ့            ညင်ညင်သာသာ အမှတ်တရ ဖြစ်ကျန်ခဲ့တယ်။