မျက်ရည်တွေ ထွက်မလာတော့ဘူး

နှာသီးဝက လေဝင်လေထွက်က ဖမ်းရခက် နေလိုက်ပုံများ

တိမ်တိုက်ထဲက ပါးလျလျ အလွမ်းတွေနဲ့ တစ်နေ့ခင်းလုံး နေမထိထိုင်မသာ

သူလာမယ် ပြောခဲ့တာ မသေချာပေမဲ့ သေချာချင်နေတဲ့သူ

အဲဒီတုန်းကတော့ မသိလိုက် မသိဘာသာ မေ့ပစ်ခဲ့တာပဲ

လှိုက်လှိုက်ပြီး ခုန်တတ်တဲ့ ရင်ခုန်သံကသာ သူမရှိလည်း ပျော်ပျော်ကြီး
ရှင်သန်နေခဲ့ရတာ

ဘဝ တစ်ခုလုံးလည်း ဒီစကားပြီး ဒီစကား ပြောနေရတယ်

လပြည့်ကျော် တစ်ရက်ညက တိတ်ဆိတ်…အထီးကျန်…ကြေကွဲ..ခြောက်သွေ့…ကွဲရှ

ဒါတောင် တာဝန်တွေနဲ့ သူ့အတွက် ဆုတွေ တောင်းပေးနေမိသေး

နီယွန် မီးလဲ့လဲ့အောက်မှာ အေးချမ်းစွာ အိပ်စက်ပါလေ

အခါတစ်ရာပဲဖြစ်ဖြစ် နေသာသလိုသာ ရှင်သန်ပါတော့ နေခြည်ရယ်

နှစ်သစ်မှာ အဟောင်းတွေကို ခံစား မက်မောနေဆဲ ငါကတော့

ဟောဒီညမျိုးမှာ ဒါမျိုးစာတွေ ရေးနေမိသေးပေါ့ကွယ်

တကယ်ဆို တွေးမိတိုင်း မျက်ရည်က ဝဲဝဲနေရတဲ့ ပြဇာတ်

ဘယ်သူက အမိုက်ခံပြီး ပွေ့ပိုက်ထားနေချင်တော့မလဲ

တလင်းတချင်းလမ်းတွေကိုလည်း မေ့ချင်ပါပြီ

အမှတ်တမဲ့ ယောင်ဆောင်ပြီး ပက်ပင်း တိုးခဲ့တဲ့ တစ်မနက်ကလည်း

ခုဆို လေပြေတွေလို ဝေးဝေးသွားတာ ကြာလှပေါ့

ဆေးပေါင်းခခဲ့တဲ့ ညဦးဆိုတာ .. သူပျောက်ကွယ်လုအချိန်အခါ

The Day You Went Away သီချင်းလေးကို တိုးတိုးညည်းဆို

ဘဝကိုက သောကတို့ အလွမ်းတို့ စတာတွေနဲ့ အသားကျလို့

နေပါစေတော့ အဲဒီသမိုင်းကို ဘယ်လိုပဲ ဖြစ်ဖြစ်

လှည့်မပြန်ချင်တော့ဘူးကွယ်။

Advertisements

ရင်ခုန်သံ…၁

ဒီတစ်ခါ ကြားရတာ ပထမဆုံးလည်း မဟုတ်တော့ဘူး

ဒါတောင် အဲဒီစကားကြားတော့

ဖိစီးမှု ဒဏ်ရာတွေ ရှုပ်ထွေးရင်း တိတ်တိတ်လေးစိတ်ချမ်းသာသွားမိသေး။

တစ်ဘဝစာ ရွေးချယ်လိုက်မိတဲ့ ဒဏ်ရာပဲ

ကြေကွဲရမယ်ဆိုလည်း ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲပေါ့။

ခုဆို တစ်ယောက်တည်း လမ်းလျှောက်ရင်း ပြုံးနေမိတဲ့ အထိ

ဘာကို ပျော်လို့ ပျော်နေမှန်းမသိ

ကိုယ်တိုင်တောင် သတိမပြုမိဘဲ တက်ကြွနေလိုက်ပုံများ….။

စနေ..တနင်္ဂနွေတွေ လာစမ်းပါ

သူရယ်သံတွေ အရှင်လတ်လတ် ကြားချင်လှပြီ

ယောင်ယမ်း နှိပ်မိတဲ့ ဖုန်းခလုတ်တွေကလည်း ငြိုငြင်နေပြီလေ..

သန်းခေါင် မိုးသောက်မရှောင် ထထလွမ်းနေတတ်တဲ့ ကာလများနဲ့

အသားမကျသေးလို့ ဒီရင်ခုန်သံဖွဖွကိုပဲ ငုံ့ငုံ့ကြည့်နေရတယ်။

၂၃ အောက်တိုဘာ ၂၀၀၉ သောကြာနေ့

ရင်ခုန်သံ… ၂

ညနေမှာ ရွာတဲ့ မိုးက သည်းသည်းထန်ထန်

ရင်ထဲမှာ ဝုန်းတဒိုင်းဒိုင်းနဲ့

စကားလုံးတွေက လည်ချောင်းဝမှာ ပြည့်ကျပ်ညပ်ပြီးတော့ပဲ

မနေ့တနေ့ကလို အားလုံး အသစ်ပြန်ဖြစ်။

၂၆ အောက်တိုဘာ ၂၀၀၉ တနင်္လာနေ့

ရင်ခုန်သံ.. ၃

ရင်ခုန်သံဆိုတာ အသက်ရှင်နေသရွေ့ ခုန်နေဦးမှာလေ

ဒါပေမဲ့ နေပါဦး..

အဲဒီ ရင်ခုန်သံက အဲဒီလောက် ကဆုန်ဆိုင်းသွားစရာ လိုလို့လား

အချစ်ပြီး အချစ်.. အချစ်နဲ့

ဟောဒီ သံသရာ ဘယ်တော့ အလည်ရပ်မလဲ

တကယ်ဆို ဟယ်လို တစ်ချက်ပဲ ကြားလိုက်ရုံပါ။

ပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှူမှားလို့

အတိတ် ပစ္စုပ္ပန် အနာဂတ်တွေ မှေးမှိန် ပျောက်ပျက်သွားတဲ့ တဒင်္ဂ။

အဲဒီ ရင်ခုန်သံလေးနားမှာပဲ စီးမျော နေထိုင်သွားချင်လာတဲ့ စိတ်က ဆိုးတယ်။              ။

၂၈ နိုဝင်ဘာ ၂၀၀၉ စနေနေ့

အေးစိမ့်စိမ့် ရာသီလေထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ မျောပါရင်း အဲဒီလှပတဲ့ မြို့လေးထဲ ကျွန်မရဲ့ ပျော်ရွှင်မှုတချို့ ပျော်ဝင်လို့…။ မြူခပ်ဆိုင်းဆိုင်း ပတ်ဝန်းကျင်က ညိမ့်ညိမ့်ညောင်းညောင်းနဲ့  ကျွန်မတို့ပတ်ဝန်းကျင်မှာ အကျအနနေရာယူထားတဲ့ အချိန်..။

ညနေဝင်ရီတရော ကဗျာတစ်ပုဒ်နဲ့ စိုင်းထွန်းလိုက်ပို့တဲ့ မြေအိုးမြီးရှည်ဆိုင်လေးက ငြိမ်းချမ်းမှုတွေနဲ့ ခမ်းနားနေတယ်။ နီယွန်မီးရောင် ဖုံဖုံလေး ဖြန့်ကျက်ထားတဲ့ ပြင်ဦးလွင်- လားရှိုးလမ်းမပေါ်မှာ တစ်ခါတလေ ရထားလုံး တချို့တလေ ဖြတ်သန်းသွားပေမဲ့ ဓာတ်ပုံတောင် ရိုက်ဖို့ သတိမရလောက်တဲ့ထိ …။ အဲဒီ မြို့လေးရဲ ရနံ့ဖြာဖြာမှာ စိမ့်ဝင် စီးမျောရင်း ခွဲသွားရမှာကို ကြောက်လာတယ်။

သက်မဲ့ မြို့လေးလို့ပဲ ပြောရမလား၊ သက်ရှိ မြို့လေးလို့ပဲ ပြောရမလားမသိ၊ ပြင်ဦးလွင်ရဲ့ ရင်ခွင်က အေးချမ်းလွတ်လပ်ပြီး ငြိမ်းချမ်းမှု ရနံ့တွေလည်း ရတယ်။

အေးစိမ့်စိမ့် ညချမ်းနဲ့ ပူပူလောင်လောင် မြေအိုးမြီးရှည်တွေ..။ အငွေ့ပျံသွားတဲ့ အချိန်နာရီတွေ…။ လှတ ပတ ဆွယ်တာဆိုင်တွေနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ…။ ဦးနှောက်ထဲမှာ ထင်းထင်းကြီးမဟုတ်ဘူး။ သာသာညင်းညင်း ..။

အဲဒီ မြို့လေးနဲ့ ကျွန်မရဲ့ ရေစက်က ထူးဆန်းသား။ ခက်ခက်ခဲခဲ နားစွင့်ခဲ့ရတဲ့ ဖုန်းသံတွေနဲ့ အချိန်ကုန်စေချင်ခဲ့တဲ့ စာစကားဝိုင်းတွေလည်း ပါတယ်။ မဟာအံ့ထူးကံသာ ဘုရားပေါ်က ကင်မရာ ခလုတ်ဖွင့်သံတွေလည်းပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီ ပြင်ဦးလွင်ညချမ်းက မြေအိုးမြီးရှည်….၊ဆွယ်တာစမ်းဝတ်ရခြင်း……..၊ မီးလုံးတွေပျက်နေတဲ့ ကော်ဖီဆိုင်ထိုင်ခုံ……….၊ စတဲ့ ပါဝင်ပစ္စည်းတွေနဲ့            ညင်ညင်သာသာ အမှတ်တရ ဖြစ်ကျန်ခဲ့တယ်။

စိတ်ထဲမှာ တင်းကျပ်ထားခဲ့သမျှကို ဖြေချလိုက်ပါပြီ။ ကံမကောင်းခြင်းတွေကို တံခါးဖွင့်ပေးလိုက်ပြီး ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပြီ။ တံခါးပိတ်ထားတဲ့နှစ်တွေ မှာလည်း စိတ်ချမ်းသာတယ်ရယ်မှ မရှိခဲ့ဘဲ။

မထူးတော့ဘူးလို့ နောက်ဆုံးမှာ လှည့်တွေးလိုက်ရင်း ဝမ်းနည်းစရာတွေကို အားရပါးရ ငိုရင်း ရင်ဆိုင်နေလိုက်ပါပြီ။ ဘာမှ မျှော်လင့်စရာ မကျန်တဲ့အခြေအနေတွေမှာတောင် တစ်စုံတစ်ခုကို ပါးပါးလေးမျှော်လင့်ခိုင်းရင်း နေထိုင်လာခဲ့တဲ့ အချိန်တွေကို စွန့်ပစ်လိုက်ပြီ။ ရှေ့ဆက်ဖို့လမ်းမရှိတော့တဲ့ ချောက်ကမ်းပါးပဲကျန်တော့မယ် ဆိုရင်တောင် အဲဒီချောက်ဆီကို တည်ငြိမ်စွာသွားနိုင်အောင်ပဲ ကြိုးစားတော့မယ်။ မျှော်လင့်ချက်တွေ၊ အလင်းရောင်တွေဆိုတာကိုတော့ မဖန်တီးယူတော့ဘူး။ နေဝင်ချိန်ရောက်ဖို့က လူတိုင်းစိတ်ရှည်လက်ရှည်စောင့်ရဦးမှာလေ။

ငယ်ငယ်တုန်းက တက်ကြွစွာမျှော်လင်ခဲ့ဖူးတဲ့ မျက်လှည့်ဆန်တဲ့၊ အံ့ဩစရာ၊ ထူးခြားတဲ့အပြောင်းအလဲ (miracle) ဆိုတာလည်း အိပ်မက်သက်သက်အဖြစ် ချန်ထားရစ်ခဲ့ပါပြီ။ အခုလက်ရှိမှာတော့ ဘဝထဲမှာ သောကတွေ၊ ကံမကောင်းမှုတွေ၊ ဝမ်းနည်းစရာတွေကို အသိအမှတ်ပြု လက်ခံထားလိုက်ပါပြီ။

DSC00395

၂ဝဝ၂ ခုနှစ် ဇူလိုင်လထုတ် Fashion Image မဂ္ဂဇင်းဟောင်းလေးကို ပြန်လှန်ကြည့်မိတော့ နီရင့်ရင့်ရဲ့ကျွန်းဆိုတဲ့ ကဗျာလေးကိုခံစားတာ အသစ်ပြန်ဖြစ်လာတယ်။ သူ့ရဲ့ကဗျာထဲက အလွမ်းက စဖတ်လိုက်တာနဲ့ ခိုကိုးရာမဲ့တဲ့ခံစားမှုနဲ့ ရင်ထဲဝင်လာတာပဲ။ ခုလိုပူုပြင်းတဲ့ ရာသီမှာဖတ်လိုက်တာဆိုတော့ အဲဒီအလွမ်းက အကာအကွယ်မဲ့ပူလောင်လာတယ်။

လွမ်းလို့ထီးဖွင့်ဆောင်းစရာမရှိတဲ့

မိုးတိမ်တွေလို

ခေါင်းငုံ့ထားရတယ်….. တဲ့။

အဲဒီအစပိုင်းလေးမှာတင် လူကအလွမ်းနဲ့ ပူလောင်ချိနဲ့လာပြီး အားငယ်မှုနဲ့နှုတ်ဆိတ်နေတဲ့ စကားလုံးတွေကို ရှာတွေ့လိုက်တယ်။ ကိုယ်ဟာမနိုင်ဝန်ကို ထမ်းမိလို့ မချိမဆန့် ဒဏ်ရာတွေများ ရလာမိလားလို့ အတွေးရောက်မိတယ်။ လူဆိုတာကလည်းခံစားမှုနောက်လိုက်မှန်းမသိလိုက်ရင်း တွေ့ရာမြင်ရာ အာရုံကိုခံစားပျော်ပိုက်နေတဲ့အမျိုး။

အဲဒီလိုလောကမှာမှ ကျွန်မတို့တွေက အပြန်အလှန်နားလည်မှုလေးတွေနဲ့ ရှင်သန်နေရတာ။

နားလည်မှုနှစ်ထပ်ကြားက

ပဝါပါးကလေးမိုးမိခဲ့ပြီလား

ကဲ………အဲဒီပဝါပါးလေးက ဘာအကြောင်းတွေကြောင့် မိုးမိနိုင်သလဲ။ အဲဒါတွေ တွေးရင်းနဲ့ပဲ မိုးလင်းသွားနိုင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် အားလုံးပြီးခဲ့ပြီဆိုတာ သေချာရင်တော့ ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်ရမှာ အမှန်ပဲလေ။ ဘယ်လိုစာမျက်နှာတွေပဲ ဖြတ်ခဲ့ဖြတ်ခဲ့၊ အသစ်စာမျက်နှာတွေကိုတော့ လှပဖို့ သန့်ရှင်းဖို့ တာဝန်ယူရဦးမယ်။ အဲဒါလူဖြစ်ရခြင်းရဲ့ တာဝန်ပဲလို့ အတွေးတွေ ရောက်ပေါက်ရင်း ကဗျာလေးဆုံးသွားပါတယ်။ အဆုံးသတ် စကားလုံးရွေးချယ်မှုက ရိုးရှင်းတယ်။ ပြတ်သားတယ်။ စိတ်ကိုတင်းထားရတယ်…တဲ့။ အဲဒီစာကြောင်းလေးဖတ်လိုက်တော့မှ တင်းထားတဲ့ စိတ်က ပြန်ပြီးခိုကိုးရာမဲ့ဖြစ်လာလို့ မဂ္ဂဇင်းစာအုပ်ဟောင်းလေးကို အသာပြန်ပိတ်လိုက်တယ်။

တက္ကသိုလ်စတက်တဲ့ ၂၀၀၀ ခုနှစ်မှာ ကားမှတ်တိုင်တွေဆိုတာကို ကျွန်မမှတ်မှတ်ထင်ထင် စိတ်ဝင်စားလာဖြစ်ခဲ့ခြင်းပါ။ အရိပ်တွေဝေေ၀ဆာဆာနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ကျောင်းလမ်းအရှည်ကြီးကို မနက်တစ်ခါညနေတစ်ခါလျှောက်ရင်း ဟိုဘက်ထိပ်ဒီဘက်ထိပ်ကြိုဆိုနေတတ်တဲ့ ကားမှတ်တိုင်အဟောင်းလေးနှစ်ခုကအစပြုခဲ့တာ ဆိုလည်းမမှားပါ။ အဲဒီခုနှစ်တွေတုန်းက ခပ်မွဲမွဲသွပ်မိုးလေးတွေပဲရှိပြီး ထိုင်ခုံမပါတဲ့ အညိုရောင်ကားမှတ်တိုင်ဟောင်းလေးတွေ ရှိနေသေးတဲ့အချိန်။ လှည်းတန်းလိုနေရာမျိုးမှာတောင် အမိုးအပြာရောင်တောက်တောက်နဲ့ လှလှပပ ပလပ်စတစ် ထိုင်ခုံတွေပါတဲ့ ခေတ်မီ ကားမှတ်တိုင် တွေရှိလာတာမကြာသေး။ နောက်ပိုင်းကျအဲဒီလိုကားမှတ်တိုင်တွေနောက်ခံမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေပါရောက်လာပြီး အနုပညာခင်းကျင်းမှုတစ်ခုလိုတောင် ဖြစ်နေတတ်တဲ့ ကားမှတ်တိုင်တွေလည်း ရှိလာတယ်။ ဘယ်လိုပုံစံနဲ့ ဘယ်လိုခင်းကျင်းထားထား ဘယ်လိုမှတ်တိုင်ပဲဖြစ်ဖြစ် ရပ်ရမယ့်ကားတွေကတော့ ခရီးသည်အတက်အဆင်းချိန်လောက်ပဲ ရပ်ပြီးနောက်ထပ်မှတ်တိုင်တွေရှိရာဆီ ခရီးဆက်နေရတာပဲ။ အဲဒီမှတ်တိုင်တွေထဲမှာ တချို့မှတ်တိုင်တွေက အမြဲလိုလို စည်ကားဆူညံနေတတ်သလို တချို့လည်းစိမ်းလန်းငြိမ်းချမ်းလို့။ ကျွန်မကျောင်းသွားနေကျလမ်းပေါ်က ကားမှတ်တိုင်လေးနှစ်ခုကတော့ အမှတ်တရပါပဲ။ နာမည်တွေကတော့ ကျောင်းရှေ့မှတ်တိုင်..ကျောင်းလမ်းမှတ်တိုင်။ မိုးဖွဲဖွဲတွေမိုးသည်းသည်းတွေအောက်မှာအေးချမ်းတဲ့ ရင်ခွင်တစ်ခု အမြဲဖွင့်ထားသလို ကြင်နာတတ်ဟန်ပေါက်နေတဲ့ကားမှတ်တိုင်ဟောင်းလေးများပါ။ တချို့ကျတော့လည်း ဘာအမှတ်အသားဆိုင်းဘုတ်မှမရှိပဲ သတ်မှတ်ချက်အရသာ မှတ်တိုင်ဖြစ်နေရတဲ့ကားရပ်နားရာနေရာလေးများ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ကားမှတ်တိုင်များကိုစိတ်ဝင်စားသည်လေ။အဲဒါကြောင့်ပဲ ကျွန်မဘ၀တစ်လျှောက်ကြုံခဲ့ရသည့် တချို့လူတွေအဖြစ်အပျက်တွေကို ကားမှတ်တိုင်နေရာမှာ ထားမိတော့ အဲဒါတွေအားလုံးကတစ်နေ့နေ့တစ်ချိန်ချိန်မှာ မလွဲမသွေဖြတ်ကျော်ထားရစ်ခဲ့ရမယ့် သင်္ကေတအမှတ်အသားတစ်ခုသက်သက်လိုခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ပြန်ကြည့်လိုက်တိုင်း အမှတ်ရနေစရာရပ်နားခဲ့ဖူးတဲ့ အရိပ်တစ်ခုဆိုတာတော့ လက်ခံရမယ်လေ။

BUS-STOP (1)

အမိုးအကာမဲ့သင်္ကေတမရှိ ဆိတ်ငြိမ်တဲ့ကားမှတ်တိုင်ပါ။ ကျွန်မလေးတန်းကျောင်းသူဘ၀ကမြန်မာစာဆရာ..။ ဆရာကအညာဇာတိဖြစ်ပြီး ကျောင်းမှပဲနေ ကျောင်းသားတွေကိုစာပြရင်းဘ၀မှာနေပျော်နေတဲ့သူ။ ကျွန်မကိုရေဆေးပန်းချီနဲ့ပထမဆုံးရင်းနှီးစေခဲ့ပြီး ကျွန်မလက်ရာပန်းချီတွေကိုကျောင်းကြော်ငြာသင်ပုန်းမှာကပ်လို့ ကျွန်မအိပ်မက်တွေကိုအရောင်တင်ပေးခဲ့တဲ့ဆရာပါ။ဒါပေမဲ့ သိသင့်တာမှန်သမျှကိုလေးတန်းကလေးလေးပါဆိုတဲ့ သတ်မှတ်ချက်အောက်မှာဖုံးကွယ်ခြင်းခံခဲ့ရတယ်လေ။ ကျွန်မတို့ဆရာရုတ်တရက်ပျောက်သွားပုံက ပဉ္စလက်တော့ဆန်တယ်။ တွေးကြည့်ဖို့လည်းကျွန်မဥာဏ်မမီပါ။သတင်းအစပျောက်သွားတဲ့ဆရာ့ကို ကျွန်မရဲ့ပန်းချီတွေကမျှော်နေကြဆဲ..ခုထိပါ။

BUS-STOP (2)

နူးညံ့သိမ်မွေ့မှု ရိုးရှင်းမှုတွေပါဝင်တဲ့တွယ်တာမှုတစ်ခု..။ ၁၉၉၅ သြဂတ်စ်နေ့လယ်ခင်းတစ်ခုကစခဲ့တဲ့အမှတ်တရပါ။ မျက်တောင်ရှည်ရှည်တွေပိုင်ဆိုင်တဲ့ အဲဒီအဖြူရောင်ကောင်လေးကိုကျွန်မက မိုးရေ လို့ဖြူဖြူစင်စင်ခေါ်ခဲ့တယ်။ သူ့လက်ထဲကစီးကရက်ရယ်၊ သူ့စက်ဘီးနောက်ခုံကကောင်မလေးရယ်၊ ကျွန်မလွယ်အိတ်ထဲကသူ့နာမည်တစ်လုံးပါတဲ့စာအိတ်ပြာတွေရယ်၊…။ အဲလိုနဲ့ပဲကျောင်းဖွင့်လိုက်ကျောင်းပိတ် လိုက်နဲ့မျိုသိပ်ခဲ့ရတဲ့ရင်ထဲက ရာသီမှာမိုးစက်တွေက အသန့်ရှင်းဆုံးဇာတ်လိုက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိသူ့ကိုမပြောပြနိုင်သေးတာကတော့ အမှတ်တရဖြစ်စေတဲ့အကြောင်းရင်းများလားမသိပါ…။ အရောင်ခြယ်ရမယ်ဆိုရင်တော့အဖြူရောင်။ပြီးတော့….အစိမ်းရောင်။

BUS-STOP (3)

အာ၊ဘေ၊ဆေ၊ဒေ ဆိုပြီးပြင်သစ်စာကိုကကြီးခခွေးကစသင်ပေးခဲ့တဲ့ဆရာမ။ ကျွန်မရဲ့ချစ်လှစွာသောကားမှတ်တိုင်လေးပါ။ခန့်ညားထယ်ဝါမှု၊နွေးထွေးမှုတွေလွှမ်းခြုံနေတဲ့ထိုမှတ်တိုင်လေးမှာ အကြာကြီးရပ်နားထားချင်ပေမဲ့ကျွန်မကြာကြာရပ်ခွင့်မရခဲ့။ဒုတိယနှစ်မှာပဲထိုမှတ်တိုင်ကအဝေးထွက်သွားတော့ မယ်ဆိုတော့ “ယတဲန်းမ်” လို့စတင်ပြောတတ်နေပြီဖြစ်တဲ့စကားသံတွေနဲ့ ဒဂုံမန်းရထားအောက်မှာနုနုနယ်နယ်မျက်ရည်တွေဝေခဲ့ရတယ်။ပြန်ကြဆိုတဲ့ ဆရာမစကားသံကခုထိကြည်လင်နေဆဲ။ ရထားသံလမ်းတွေကတော့ရက်စက်စွာဖြောင့်တန်းလို့လက်ပြရုံပဲတတ်နိုင်ခဲ့ရတာပါပဲ။ တွေးမိတိုင်းအစအဆုံးအရောင်ထင်လာတတ်တဲ့ကားမှတ်တိုင်လေးပါ။

BUS-STOP (4) ရင်ခုန်သံတွေနှေးလိုက်မြန်လိုက်နဲ့သုံးရာသီကိုလှလှပပဖြတ်ကျော်ခဲ့တဲ့မှတ်တိုင်။ အဖြူရောင်ကြိုးတစ်ချောင်းနဲ့တုတ်နှောင်မိတဲ့အချိန်ကစပြီး ကျွန်မဒိုင်ယာရီထဲသူရိုးရိုးသားသားစတင်ပါဝင်လာခဲ့ တယ်။ တရိရိနဲ့အိပ်မက်တွေ ပေးလိုက်ရတော့မှ အလန့်တကြားနဲ့မှောင်ကြီးမည်းမည်းထဲ ငုတ်တုတ်ထထိုင်မိတဲ့အဖြစ်။ တကယ်ဆိုကျွန်မကအဲဒီကားမှတ်တိုင်လေးကို အရမ်းချစ်ခဲ့ပါတယ်. အလွမ်းတွေ တဝေတဆာနဲ့ နေ့တချို့လည်းရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပေးချင်တဲ့ စကားလုံးတွေက သူ့အတွက် အမှိုက်တွေဖြစ်လာတဲ့အခါ ကယ်သူမရှိတဲ့နေ့ရက်တွေဖြစ်ကုန်ရောလေ။ဒီလိုနဲ့ all trash ဖြစ်ခဲ့ရတဲ့စကားလုံးတွေနောက်မှာ ကိုယ်ဦးနှောက်ကိုယ်မောင်းနှင်ရင်းပဲ ညင်ညင်သာသာဖြတ်ကျော်ခဲ့လိုက်တဲ့ အရောင်လွင်လွင်ကားမှတ်တိုင်…။နောက်ခံသီချင်းကတော့ စည်သူလွင်ရဲ့ ..သူငယ်ချင်း။

BUS-STOP (5)

……………..

………………………………………..

…………………………….                                                  stop

ရှိနေဦးမှာပါ။

ဒီလိုနဲ့ ကားမှတ်တိုင်တွေနဲ့အတူ ကျွန်မရှင်သန်နေဖြစ်ပါဦးမယ်။ ။

chiang_mai1ချင်းမိုင်မှာ ရှင်သန်ခဲ့တဲ့ ၃ လတာကာလအကြောင်းပါ။ ကာလတိုလေးပေမဲ့ တကယ်ကို အမှတ်တရတွေကျန်ခဲ့တဲ့ အချိန်လေးပါ။

ကျွန်မတို့ ချင်းမိုင်ကို ရောက်တဲ့အကြောင်းရင်းကတော့ CDCE လို့ခေါ်တဲ့ certificate program သင်တန်းအတွက်ပါ။ ကျွန်မက မိဘမဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ အပတ်စဉ် လုပ်အားပေးတော့ အဲဒီအတွက် ပရိုဂရမ်မှာပါဝင်ဖို့အရွေးခံရတာဆိုလည်းမမှား။ အဲဒီ စာတီဖီကိတ်ပရိုဂရမ်က တော်တော်လေး ကောင်းပါတယ်။ developmental subject မျိုးစုံကို ဆရာကောင်းတွေနဲ့ ပို့ချပေးတယ်။

အဲဒီသင်တန်းကြောင့် အရင်ဆုံး မိတ်ဆွေအသစ် ၃၀ ယောက်တောင်ရခဲ့တယ်။ CDCE network လို့ သူတို့ခေါ်ကြတဲ့ မြန်မာပြည်အရပ်ရပ်က social worker မျိုးစုံပေါ့။ ကြည်နူးစရာကောင်းတာက သူတို့နဲ့ခုထိ အဆက်အသွယ် အပြတ်သေးတာပါပဲ။ အရမ်းကူညီတတ်တယ်။ အရမ်းနားလည်ပေးတယ်။ အရမ်းခင်ဖို့ကောင်းတဲ့အဖွဲ့လေးပါ။

pa180075

ချင်းမိုင်က resort တစ်ခုမှာ ၃ လလုံးလုံး အတူနေအတူစား အတူအတန်းတက်ရင်း အချိန် ကုန်မှန်းမသိကုန်ခဲ့တာပါ။ သင်တန်းပြီးလို့ သူတို့က ဘန်ကောက်မှာလည်ဖို့ ကျွန်မထက် တစ်ရက်စောပြီး ပြန်တဲ့ညနေကဆို ရင်ထဲမှာ လှိုက်ပြီးတော့တောင်ခံစားလိုက်ရတယ်။

ဒါပေမဲ့ မြန်မာပြည်မှာပြန်တွေ့ကြတဲ့ မိတ်ဆုံညစာဝိုင်းမှာတော့ အားလုံးလိုလိုပြန်ဆုံလို့ ပျော်လိုက်ရတာ။

ချင်းမိုင်မှာတုန်းက ကျောင်းပြေးပြီး project မလုပ်ချင်ဘဲ အပျင်းကြီးနေတဲ့ကျွန်မကိုဆွဲဆွဲခေါ်လို့ စာလုပ်ခိုင်းတတ်တဲ့ ဘော်ဒါကြီး AM.Min နဲ့ MZ.Ko တို့နဲ့လည်း ပြန်ဆုံရတယ်။ အဲဒီတုန်းက အားလုံးတက်ညီလက်ညီ ပူးပေါင်းကြိုးစားလိုက်တာ ကျွန်မတို့ ပရောဂျက်လေးက ဆုရခဲ့လို့ ပိုပျော်ခဲ့ရသေးတယ်။ အတန်းဆင်းပွဲ ဒင်နာမှာ ဆုရလို့ ပျော်မော်ပြီး ကခုန်နေခဲ့ပေမဲ့ ဒီသူငယ်ချင်းတွေနဲ့ခွဲရတော့မှာ တွေးမိလို့ ကပွဲဆုံးအောင်တောင်မပျော်ခဲ့ရပါဘူး။ ပွေ့ဖက်ကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ မျက်ရည်ဝဲကြနဲ့ အားလုံးက See you again in Myanmar လို့ ကိုယ်စီပြောရင်းပေါ့။

ဒီ ပရိုဂရမ်ပြီးရင် ကိုယ့်ရပ်ကိုယ်ပြန်ပြီး သင်ပေးလိုက်တာတွေကို ပြန်အသုံးချ အများအကျိုးကို အရင်ထက်ပိုကျွမ်းကျင်စွာ လုပ်ပေးရင်း ဆက်လက်ရှင်သန်ဖို့ပါ။ ဒါပေမဲ့ သူများတိုင်းပြည်က မြို့လေးတစ်မြို့မှာရှိတဲ့ အပန်းဖြေဟိုတယ်လေးတစ်ခုမှာ မြန်မာပြည်အငွေ့အသက်တွေ အပြည့်အ၀လွှမ်းခြုံပြီးနေခဲ့တဲ့ အဲဒီကာလလေးကတော့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။

pa180116အမှတ်တရများထဲက တစ်ခု

မျက်နှာသစ်တိုင်း စိတ်ဓာတ်တွေတစ်ခါသစ်ရင်ကောင်းမယ်။ ပြတင်းမှာ ငှက်လာနားရင်တောင် အလိုလိုလွမ်းနေတတ်တော့လည်း ဒူပေဒါပေခံတဲ့ မြေကြီးကို သဘောကျမိတာမဆန်းဘူး။

ကျွန်မတို့အားလုံး တာဝန်အရ ရှင်သန်နေရတယ်..တာဝန်အရပဲ သေဆုံးရဦးမယ်။ တကယ်ဆိုနေရောင်လာမှ ပျောက်ရမယ့် နှင်းစက်မလုပ်ချင်။ ကိုယ့် သမိုင်းကို ကိုယ်တိုင်စိတ်သန့်သန့် ထုဆစ်ပြီး လိပ်ပြာသန့်စွာ ပြေးနေတဲ့ ခရီးသည်ပါ။

မုသာဝါဒတွေလား။…အဲဒါတွေကိုလှုဒါန်းခဲ့တာကြာပေါ့။ တစ်ခါတလေ no comment ဆိုတာလေးနဲ့ပဲ မုသာဝါဒကို ရှောင်ရတယ် ….လောကကြီးမှာပြောပါတယ်။ တချို့နေရာတွေမှာ ထိပ်တိုက်မတိုးမိတာ အကောင်းဆုံးဆိုတာတွေ ရှိရဲ့မဟုတ်လား။

တစ်ဖက်မှာလည်း တဖတ်သတ်ဆန်နေတဲ့ အမှန်တရားတွေနဲ့ ၀ိရောဓိတွေဖြစ်နေပြီး ဖြူစင်မှုကို ပစ်ဖဲလုပ်ချင်လာတဲ့ ကာလတစ်ခုရှိခဲ့တယ်။

ဘာပဲပြောပြော အဖက်ဖက်ကတောင်းဆိုနေတဲ့အခြေအနေတွေကို ကျွန်မကြိုးစားမြင်တတ်လာချိန်မှာ အာဒမ်ရဲ့ ပန်းသီးလေး ဥယျာဉ်ထဲမှာ ပွင့်နေပြီ။

အလွမ်းတွေက လမ်းပေါ်ပြန့်ကျဲလို့ ညနေတွေရော မနက်တွေရော နေ့လည်တွေရော အားလုံးသိပ်မလှတော့ပါ။

မနေ့တနေ့က ကျွန်မပျော်ခဲ့ပါတယ်။ အဲဒီမနေ့တနေ့ကပဲကြေကွဲခဲ့ရတာပါ။ အကုန်လုံးဟာ နံရံပါးပါးလေးတစ်ချပ်ပဲခြားပြီး ဖြစ်ပျက်သွားတာပဲ။ မယုံဘူးဆိုလည်းမိုက်လုံးကြီးရာရောက်တော့မယ် ထင်ပ။ အဲဒီညနေက တော်တော်လေး အကျည်းတန်တုန်းပဲ လောကရယ်..။

ပျော်ရွှင်မိရင်တောင် ကြောက်လာတဲ့ထိ စိတ်ထဲရောက်သွားတဲ့ အချိန်တခဏလေးပါ။

စောင့်ပါရစေ..ဘာဖြစ်ဖြစ်။ လာခြင်းတွေ ကောင်းကောင်း မကောင်းကောင်းပေါ့။ အဲဒီနေ့တွေနဲ့ ထပ်ပြီးရှင်သန်နေပါဦးမယ်။

ညနေတစ်ခင်း

ညနေခင်းတစ်ခုပါ။

တစ်စုံတစ်ရာပါဝင်ကောင်းပါဝင်နေပါလိမ့်မယ်။

ကျွန်မအတွက်တော့ လှပနေပါတယ်။

လွမ်းစရာလည်း အထိုက်အလျှောက်ကောင်းနေတယ်။

အဲဒီညနေထဲမှာ

အဝေးက အသံတစ်ခုကိုရှာဖွေကြည့်ရအောင်။