ပုံပြင်..

December 12, 2009

သူပုံပြောပြန်တယ်

ဒါပေမဲ့ ဒီတစ်ခါ ပုံပြင်က ချစ်စရာကောင်းနေလို့

နားထောင်လိုက်ရတဲ့ ငါ့မှာ အရူးတပိုင်း…။

အချစ်က နေမဝင်သေးပြန်ဘူး

ကိုယ်တိုင်ကိုက နစ်မျောနေချင်တဲ့ ဓာတ်ခံကအပြည့်

အသက်ဝိညာဉ်ပါးပါးလေးထဲမှာ သူ့ကို အသာအယာထည့်သိမ်းရင်း

သံသရာ ရထားကြီးထဲ လိမ့်တလဲ့လဲ့…။

ခုနားထောင်နေတဲ့ သီချင်းက “အချစ်ကို ကိုးကွယ်”

တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာနေစရာ မလိုဘူး

ဦးနှောက်ထဲမှာရော..နှလုံးသားထဲမှာပါ နေရာအပြည့်

မသိလိုက် မသိဘာသာ ကျဆုံးခန်းက ပြန်ရစ်စရာ မလိုတဲ့ ဇာတ်ကွက်ပေါ့။

မှော်ဆရာ ငင်တဲ့ကြိုးမှာ ဟောဒီ ဧဝ ထောက်ချောက်အမိခံနေတယ်

လာရာလမ်းဆိုတာလည်း မျှော်တော်ဇောနဲ့ မောနေရတဲ့ ကဗျာ..

နယ်စည်းမခြား အလွမ်းတွေက ရောင်စုံတွေ ဖြာတလက်လက်

မိုက်တွင်းတွေ ပိုနက်အောင် တူးမိပြန်တာလည်း အခါခါရယ်…။

ကဲပါလေ…ပြောရရင်တော့ ဟောဒီစာရေးတဲ့သူက

အဲဒီပုံပြင်ကိုပဲ ခုန်နှုန်းမြင့် ရင်ခုန်သံနဲ့ နားစွင့်ရင်း

သာသာလေး မှေးစက်နေချင်တာကိုကွယ်…။   ။

၂၇ နိုဝင်ဘာ ၂၀၀၉ သောကြာနေ့

လရောင်သံစဉ်ချိုချိုနဲ့ … သူ့ခြေရင်း ခစားနေတဲ့ အိပ်မက်တွေရယ်

လွလွလေး ရှတတ်တဲ့ ဓားသွားမြမြကို တမြတ်တနိုး သိမ်းဆည်း

သန်းခေါင်ထက်လည်း ညဥ့်မနက်တော့ပါဘူး။

အပြင်က ဆောင်းရာသီကလည်း မပီပြင်လှပါဘူး ချစ်သူရယ်

မင်းရင်ငွေ့ နွေးနွေးမှာ ညင်းညင်းသာသာ မှေးစက်ရင်း

ဆောင်းအိပ်မက်တစ်ခု မက်နေချင်တဲ့အခါ

ညဆိုတာ အဆုံးမရှိ ရှည်လာတယ်။

ဘဝဆိုတာ တစ်လမ်းသွားလို့ ဘယ်လို ယုံကြည်ထားရမလဲ

အတိတ် ပစ္စုပ္ပန် အနာဂတ်… ဘာတွေနဲ့ ရှင်သန်ခဲ့တာလဲ

ကျန်နေရစ်ချင်တဲ့ စက္ကန့်တွေဆိုတာ သွဲ့ ညင်းတဲ့ လေပြေ…

ပိုးဥပြောသလို တစ်သက်စာရှခဲ့တဲ့ ဒဏ်ရာရယ်

ပန်းနုရောင်သော့ချက်တွေနဲ့ မျက်စိမှောက်ခဲ့ရတဲ့ နာရီတွေရယ်

ဒီရာသီလေတွေ တိုက်ခတ်နေသရွေ့တော့

မြတ်နိုးမှုဖွဖွ ရင်ခုန်သံတွေနဲ့ တခမ်းတနားကျဆုံးနေရဦးမှာ….။

..လရိပ်ပြာ..

ငှက်ကလေး…

မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံ

နဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့   သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…

အရှုံးမဟုတ်ဘူး ငှက်ကလေး…
ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့  ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ  ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…
ငါဟာ…

ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း  ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။      ။

မင်းစိုးရာ

…မင်းစိုးရာကို စသိခဲ့တဲ့ ကဗျာလေးပေါ့။ ငှက်ကလေးနဲ့ မင်းစိုးရာဟာ ကျွန်မအတွက် အမြဲ ယှဉ်တွဲနေပါတယ်။

အဲဒါကြောင့် သူငယ်ချင်း မင်းစိုးရာအတွက် ဒီကဗျာလေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။

မင်းစိုးရာ.. ရောက်ရာ အရပ်က ကောမန့်လေး ဘာလေး ဝင်တော့ပေးဦီးနော်…။

2008, November 6, 6 pm

March 6, 2009

မြို့လေးကို အဝေးပြေးကားပေါ်က လက်ပြလိုက်တယ်

သူငယ်ချင်းရဲ့တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဝေးဝေးလာရင်း

သူစိမ်းတွေအလယ်မှာ ကျွန်မက တိတ်တိတ်လေးငိုလို့။

ပျော်ရွှင်စွာလာခဲ့တယ်

ခုတော့တစ်ယောကတည်း။

ပြီးတော့….တစ်ယောက်တည်း

နားမလည်နိုင်တဲ့ စကားသံတွေကြားမှာ

မနိုင်ဝန်တွေနဲ့ အမိမြေကိုသတိတရ။

ဘာပဲဖြစ်ဖြစ်

ရီနန်မန်းရှင်းရှေ့က ပဲနို့ဆိုင်လေးကတော့ ကျန်ရစ်ခဲ့ပြီ။

လောလောဆယ်တော့ သူငယ်ချင်းကို သတိရနေတယ်

ပြီးရင်လည်း သူ့ကို သတိရဦးမယ်။

သီတင်းကျွတ်လပြည့်ညက

သန်းခေါင်ရောက်လုနီးထိ ပျော်ခဲ့တဲ့ဈေးည မှတ်မိနေတယ်။

အဲဒီညကလို ခုလည်း

ရှေ့က အဝေးပြေးလမ်းပေါ်က နီယွန်မီးရောင်တွေနဲ့လေ

ပထမအကြိမ်လွမ်းရတဲ့ အပြန်ခရီး…

ငါက အနာဂတ်ကိုကြိုမသိခဲ့ဘူး

ဒါပေမဲ့ သူငယ်ချင်းကိုတော့ လွမ်းတယ်။

hhe & me

…………

February 24, 2009

tree

အချစ်ဆိုတာ…

နေရာရွှေ့စိုက်လို့မရတဲ့

သစ်ပင်…

တစ်ခါသတိရတိုင်း

မြေသြဇာတစ်ခါရတယ်

အလွမ်းတွေနဲ့

လောင်ကျွမ်းနေတဲ့ရာသီမှာတောင်tree

အကိုင်းအခက်တွေ

ဝေဆာနေသေး။