မန်းကိုသတိရတဲ့အခါ….

March 19, 2009

mandalayမန္တလေးကျုံးနားမှာ…

ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ ဓာတ်ပုံတွေပြန်ကြည့်တော့ မန္တလေးရောက် တုံးကပုံတွေတွေ့မိတာ မန္တလေးကို ပြန်သတိရသွားတယ်။ ကျွန်မက နာဂစ်ကို ကြံကြံဖန်ဖန်လွဲချင်တော့ နာဂစ်ကာလမှာ မန္တလေးလို အပူပိုင်းဇုံမှာ အပူတွေကန် မိတ်တွေပေါက်ရင်း လျှောက်သွားနေရတဲ့ အဖြစ်ပေါ့ . . . . . .😀

မန္တလေးသွားတဲ့အကြောင်းရင်းကတော့ သူငယ်ချင်းနဲ့အတူ Thesis အတွက် Research သွားလုပ်တာပါ။ ယူရမယ့် data တွေကမိဘမဲ့တွေနဲ့ ပတ်သက်နေလို့ ကျွန်မတို့က မန္တလေးဖောင်တော်ဦးကျောင်းမှာ တည်းရပါတယ်။ ကျောင်းသား ၇၀၀၀ လောက်ကိုနေ့စဉ်စာသင်ပေးနေတဲ့ ဖောင်တော်ဦးကျောင်းကြီးဆိုတာ မဆုံးနိုင်တဲ့ တိုက်တန်းရှည်ကြီးလိုပါပဲ။ ကျွန်မတို့မန္တလေးမှာ နေသမျှကာလပတ်လုံး အဲဒီကျောင်းက လူတော်လေး KMT က Guide လိုကူညီပေးတယ်။ တခြားဆရာဆရာမတွေကလည်း ကူညီကြပါတယ်။ ကျေးဇူးတင်စရာ အကောင်းဆုံးကတော့ ကျောင်းထိုင် ဆရာတော် ဘုန်းဘုန်းကြီးပါ။

ဖောင်တော်ဦးဖောင်တော်ဦးကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ခု


ဖောင်တော်ဦးကနေ ရေနီမြောင်းဘေးက ဧရိပ်မွန် မိဘမဲ့အမျိုးသမီး ဂေဟာနဲ့ ကျုံးဘေးမှာရှိတဲ့ YMCA က ချင်းတိုင်းရင်းသားမိဘမဲ့ဂေဟာ တွေအပြင် မြို့ပြင်ဂေါဝိန်ဆိပ်ကိုကျော်ပြီး တော်တော်လေးသွားရတဲ့ ပေပင်ဘုန်းကြီးကျောင်းက မိဘမဲ့ ကိုရင်လေးများဆီပါရောက်ခဲ့တယ်။

ပေပင်ကျောင်းပေပင်ကျောင်းက ကိုရင်လေးတွေဆွမ်းခံပြန်လာချိန်…


ဧရိပ်မွန်ကိုတော့ ရေနီမြောင်းတလျှောက် အေးအေးလူလူပဲ လမ်းလျှောက်သွားတယ်။ အရမ်းအေးချမ်းတယ်။ အတွင်းလမ်းဆိုတော့ ကျုံးဘေးမှာလို ဆိုင်ကယ်တွေ၊ ကားတွေ သိပါမရှိပါဘူး။ ဧရိပ်မွန်ကို ဟိုအရင်က `ကြည်ပြာ´ရုပ်ရှင်ကားထဲမှာပဲ မြင်ဖူးတာ။ ရောက်ဖူးတော့ တော်တော် အေးချမ်းတဲ့ နေရာလို့မှတ်ချက်ချမိတယ်။ ကလေးတွေကလည်း လိမ္မာတယ်။ ချစ်ဖို့ကောင်းတယ်။ ချင်းတိုင်းရင်းသားမိဘမဲ့ ဂေဟာကတော့ ကျုံးဘေးမှာ ရှိနေလို့မျှော်ကြည့်လိုက်တာနဲ့ ကျုံးမြို့ရိုးကြီးနဲ့ ကျုံးရေပြင်ကို တွေနေရတယ်။ အဲဒီက ကလေးတွေက စကားသံဝဲ၀ဲနဲ့ ချစ်စရာတိုင်းရင်းသားကလေးတွေပါ။

gawweinဂေါဝိန်ဆိပ်နားကမြစ်ကမ်းတနေရာ…

ပြောရဦးမယ်။ မန္တလေးမှာရှိနေရတာ ၂ပတ်လောက်ဆိုတော့ အင်တာနက် လေးသုံးချင်စိတ်က တားမရလို့ ကျုံးရှေ့က ဆိုင်တစ်ဆိုင်မှာသုံးမိပါတယ်။ ကွန်နက်ရှင်က ပြောတောင်မပြောချင်ပါဘူး။ မီးပျက်လို့ အဲကွန်းက မဖွင့်၊ မေလ ရာသီဥတုပူပူမှာ ကွန်ပျူတာကြီးရှေ့ ငုတ်တုတ်ထိုင်၊ ဇွဲကောင်းကောင်းနဲ့ သုံးလိုက်တာ ၁ နာရီ ၁၀၀၀ ကျပ်တော့ ပေးလိုက်ရတယ်။ နီးနီးနားနား သုံးလိုက်ရတာပဲ ကျေးဇူးတင်စရာပါ။

မန်းတောင်မန္တလေးတောင်ပေါ်ကရင်ပြင်တော်နေရာ….


မန္တလေးရောက်မှတော့ ထုံးစံအတိုင်း မန္တလေးတောင်တက်တာပေါ့။ ကျွန်မတို့က ဒေသအခြေအနေမသိဘဲ ညနေမှောင်စမှာ စွတ်ရွက်တက်လိုက် တာတောင်ပေါ်ရောက်ဖို့ ၂ကွေ့လောက်အလိုမှာ မီးကပျက်သွားပါရော။ အထာမသိတဲ့ ဘုရားစောင်တန်းမှာ မှောင်ကြီးမည်းမည်း စမ်းပြီး ဘေးထိုင်ခုံ တွေပေါ် ငြိမ်ငြိမ်လေးထိုင်နေကာမှ ခွေးကဟောင်ပြီးပြေးလာလိုက်တာ။ အဲဒီစောင်းတန်းက မန္တလေးသူမိန်းကလေးတစ်ယောက်က ကူညီပေလို့ သာပေါ့။ `ကျွန်တော်လိုက်ပို့ပေးပါ့မယ်´ ဆိုတဲ့သူမရဲ့ စကားသံကို ခုထိ ကျေးဇူးတင်စွာ မှတ်မိနေဆဲပါ။ အဲဒီနေ့က မီးပျက်လို့ ဘုရားပေါ်ထိမရောက်ပဲ တောင်အောက်ပြန်ဆင်းခဲ့ပြီး နောက်နေ့မှ လင်းလင်းချင်းချင်းပြန်တက် လိုက်တယ်လေ။ ညဘက်တော့ မတက်ရဲတော့ပါဘူး။

မန္တလေးမှာ ကျွန်မတို့အားထားတဲ့ transportation way က ဆိုက်ကားနဲ့ လိုင်းကားပါ။ ဆိုင်ကယ်တွေကားတွေကြာမှာ ကျုံးတပတ်ပြည့်အောင် ဆိုက်ကားစီးခဲ့ရတဲ့ အချိန်ကလည်းအမှတ်တရပေါ့။ အငှားကားတွေကလည်း ဈေးကခေါင်ခိုက်နေတာလေ။ လိုင်းကားတောင် ရန်ကုန်နဲ့ယှဉ်ရင် မန်းလိုင်းကား တွေက ဈေးပိုကြီးတယ်။ ဆိုက်ကားကတော့ အတန်ဆုံးပဲ။ ဆိုက်ကားစီးရင်း ဆိုက်ကားဆရာတွေဆီက ဒေသန္တရ ဗဟုသုတ လည်းရတယ်။ လိုင်းကားတွေစီး တတ်သွားလို့ မင်းကွန်းသွားတဲ့ မော်တော်ဆိပ်ထိသွားပြီး မင်းကွန်းဘက်ထိ ခြေဆန့်ခဲ့တယ်။ ၄၅မိနစ်လောက်မော်တော်စီးရတာ တိုးတိုးဝှေ့ဝှေ့နဲ့ပေမဲ့ ပျော်စရာပါပဲ။ မင်းကွန်းမှာ နေပူကျဲတဲ လျှောက်ကြည့် ဓာတ်ပုံရိုက်ကြနဲ့ သွားလိုက်ကြတာ မင်းကွန်းဘိုးဘွားရိပ်သာ အရိပ်ကတော့ အေးချမ်းလှပါတယ်။

ရန်ကုန်နဲ့ တခြားနေရာက မိတ်ဆွေတွေဖို့ပေးတဲ့ နာဂစ်သတိပေးချက် Email တွေဖတ်ရတုံးက နာဂစ်ကို သိပ်မထင်မိဘူး။ ဒါပေမဲ့ မေလ ၄ရက်နေ့ ရောက်တော့ ရန်ကုန်ကို ဖုန်းဆက်မရတော့ဘဲ နောက်ထပ်သတင်းတွေ ကြားတော့မှ မုန်တိုင်းဒဏ်တော်တော်ခံလိုက်ရတာ မှန်းမိတယ်။ အိမ်ကို စိတ်ပူလို့ အမြန်ပြန်ချင်ပေမဲ့ ကားလက်မှတ်တွေက ၀ယ်မရဘူး။ လမ်းခဏပိတ်တယ်ဆိုလား။ နောက်ဆုံး (၇) ရက်နေ့ ပြန်ဖို့လက်မှတ်ရတော့ စစ၀ယ်ဈေးက မန္တလေး – ရန်ကုန် လက်မှတ်တစ်စောင်ကို ၁၂၀၀၀ကျပ်ပါ။ ဒါပေမဲ့ ကားပေါ်ရောက်မှ ၃၀၀၀ စီထပ်တောင်းလို့ ခရီးသည်အားလုံး မကျေမနပ် ပေးခဲ့ရတယ်။ သူတို့ကားပေါ်ရောက်နေပြီကိုး။ ဆီဈေးတွေတက်တာ ကျတာတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုးကတော့ မရှိသင့်တာ အမှန်ပါပဲ။

အိမ်ပြန်ခရီးကို ဆက်ရေးရင်တော့ နာဂစ်မြင်ကွင်း တစိတ်တဒေသဘဲ ဖြစ်သွားတော့မယ်။ ဒါကတော့ စစချင်း သတိရသွားတဲ့ မန္တလေးခရီးရဲ့ နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။

6 Responses to “မန်းကိုသတိရတဲ့အခါ….”

  1. cuttiepinkgold Says:

    အမ…

    word မှာ ရိုက်ထားတဲ့ စာကို wordpress မှာ ဒီအတိုင်း ပေစ့်လိုက်တယ် ထင်တယ်.. ကုဒ်တွေပါ ပါနေတယ် ပိုစ့်မှာ.. အဲ့လိုပေစ့်ရင် html မှာ ပေစ့်မှ အဆင်ပြေပါလိမ့်မယ်ရှင့်.. visual မှာ လုပ်ရင်တော့ အခုလို ကုဒ်တွေပါ ပါနေပါလိမ့်မယ်ရှင့်

    • kalyar Says:

      ကျေးဇူးပါပဲ cuttiepinkgold ရေ…နောက်ကိုလည်းအကြံပြုပေးဦးနော်

  2. လင်းပြာနွေ Says:

    ငါ့ကို နင်လွမ်းအောင်လုပ်နေတာလား.. ငါပြန်လာခဲ့မယ် စောင့်နေ.. ပြီးရင် ငါတို့နှစ်ယောက် ထပ်ဒိုးကြမယ်.. ဒီခါ နယ်မြေသစ်တွေဆီသွားမယ်..

    ချစ်တဲ့

    လင်းပြာ


  3. ဟမ်… မန်းအကြောင်း ကွန်းမင့်ပေးသူတွေကလည်း ဘယ်လိုပေးသွားကြတာတုန်း။ ဘာပဲဖြစ်ဖြစ် မန်းဟာ မေ့လို့မရတဲ့ မြို့တစ်မြို့ပဲဆိုတာ မန်းမှာ နေဖူးပြီး မန်းကို ခွဲသွားကြတဲ့ သူတွေအားလုံး သိကြတယ်နော်


  4. ဟိုဟိုဒီဒီ ရေးတတ်တာချင်းတူတဲ့ ညီမလေး။ ဖော်တော်ဦးကို ရောက်ခဲ့တယ်လား။ အဲဒီမှာ ကျွန်မနဲ့ ခင်ခဲ့ဖူး၊ သိခဲ့ဖူးတဲ့ အင်္ဂလိပ်စာသင် သူငယ်ချင်းတွေ ရှိနေသေးရဲ့လားတော့ မသိပေမယ့် ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေ မြင်ရ၊ ကြားရတိုင်း သူတို့ကို သတိရနေမိတယ်။ မှတ်မှတ်သားသား ရှိတတ်တဲ့သူတွေဆိုတော့ မန္တလေးရဲ့ ကာလတစ်ခုက မှတ်တမ်းပေါ့လေ။ ခင်မင်လျက်
    uranusaquarian


  5. မကလျာ…
    ဒီနေ့မှ ဒီ PAGE ကို ဖွင့်လို့ရတယ်…။ ကျွန်တော် ညံ့လို့ပါဗျာ…။ တကယ့် Reporter တစ်ယောက် ပဲနော်…။ ချီးကျူးပါတယ်ဗျာ…။ ခင်မင်ခွင့် ရတဲ့ အတွက်လည်း ဂုဏ်ယူမိတယ်…။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: