mandalayမန္တလေးကျုံးနားမှာ…

ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ ဓာတ်ပုံတွေပြန်ကြည့်တော့ မန္တလေးရောက် တုံးကပုံတွေတွေ့မိတာ မန္တလေးကို ပြန်သတိရသွားတယ်။ ကျွန်မက နာဂစ်ကို ကြံကြံဖန်ဖန်လွဲချင်တော့ နာဂစ်ကာလမှာ မန္တလေးလို အပူပိုင်းဇုံမှာ အပူတွေကန် မိတ်တွေပေါက်ရင်း လျှောက်သွားနေရတဲ့ အဖြစ်ပေါ့ . . . . . . 😀

မန္တလေးသွားတဲ့အကြောင်းရင်းကတော့ သူငယ်ချင်းနဲ့အတူ Thesis အတွက် Research သွားလုပ်တာပါ။ ယူရမယ့် data တွေကမိဘမဲ့တွေနဲ့ ပတ်သက်နေလို့ ကျွန်မတို့က မန္တလေးဖောင်တော်ဦးကျောင်းမှာ တည်းရပါတယ်။ ကျောင်းသား ၇၀၀၀ လောက်ကိုနေ့စဉ်စာသင်ပေးနေတဲ့ ဖောင်တော်ဦးကျောင်းကြီးဆိုတာ မဆုံးနိုင်တဲ့ တိုက်တန်းရှည်ကြီးလိုပါပဲ။ ကျွန်မတို့မန္တလေးမှာ နေသမျှကာလပတ်လုံး အဲဒီကျောင်းက လူတော်လေး KMT က Guide လိုကူညီပေးတယ်။ တခြားဆရာဆရာမတွေကလည်း ကူညီကြပါတယ်။ ကျေးဇူးတင်စရာ အကောင်းဆုံးကတော့ ကျောင်းထိုင် ဆရာတော် ဘုန်းဘုန်းကြီးပါ။

ဖောင်တော်ဦးဖောင်တော်ဦးကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ခု


ဖောင်တော်ဦးကနေ ရေနီမြောင်းဘေးက ဧရိပ်မွန် မိဘမဲ့အမျိုးသမီး ဂေဟာနဲ့ ကျုံးဘေးမှာရှိတဲ့ YMCA က ချင်းတိုင်းရင်းသားမိဘမဲ့ဂေဟာ တွေအပြင် မြို့ပြင်ဂေါဝိန်ဆိပ်ကိုကျော်ပြီး တော်တော်လေးသွားရတဲ့ ပေပင်ဘုန်းကြီးကျောင်းက မိဘမဲ့ ကိုရင်လေးများဆီပါရောက်ခဲ့တယ်။

ပေပင်ကျောင်းပေပင်ကျောင်းက ကိုရင်လေးတွေဆွမ်းခံပြန်လာချိန်…


ဧရိပ်မွန်ကိုတော့ ရေနီမြောင်းတလျှောက် အေးအေးလူလူပဲ လမ်းလျှောက်သွားတယ်။ အရမ်းအေးချမ်းတယ်။ အတွင်းလမ်းဆိုတော့ ကျုံးဘေးမှာလို ဆိုင်ကယ်တွေ၊ ကားတွေ သိပါမရှိပါဘူး။ ဧရိပ်မွန်ကို ဟိုအရင်က `ကြည်ပြာ´ရုပ်ရှင်ကားထဲမှာပဲ မြင်ဖူးတာ။ ရောက်ဖူးတော့ တော်တော် အေးချမ်းတဲ့ နေရာလို့မှတ်ချက်ချမိတယ်။ ကလေးတွေကလည်း လိမ္မာတယ်။ ချစ်ဖို့ကောင်းတယ်။ ချင်းတိုင်းရင်းသားမိဘမဲ့ ဂေဟာကတော့ ကျုံးဘေးမှာ ရှိနေလို့မျှော်ကြည့်လိုက်တာနဲ့ ကျုံးမြို့ရိုးကြီးနဲ့ ကျုံးရေပြင်ကို တွေနေရတယ်။ အဲဒီက ကလေးတွေက စကားသံဝဲ၀ဲနဲ့ ချစ်စရာတိုင်းရင်းသားကလေးတွေပါ။

gawweinဂေါဝိန်ဆိပ်နားကမြစ်ကမ်းတနေရာ…

ပြောရဦးမယ်။ မန္တလေးမှာရှိနေရတာ ၂ပတ်လောက်ဆိုတော့ အင်တာနက် လေးသုံးချင်စိတ်က တားမရလို့ ကျုံးရှေ့က ဆိုင်တစ်ဆိုင်မှာသုံးမိပါတယ်။ ကွန်နက်ရှင်က ပြောတောင်မပြောချင်ပါဘူး။ မီးပျက်လို့ အဲကွန်းက မဖွင့်၊ မေလ ရာသီဥတုပူပူမှာ ကွန်ပျူတာကြီးရှေ့ ငုတ်တုတ်ထိုင်၊ ဇွဲကောင်းကောင်းနဲ့ သုံးလိုက်တာ ၁ နာရီ ၁၀၀၀ ကျပ်တော့ ပေးလိုက်ရတယ်။ နီးနီးနားနား သုံးလိုက်ရတာပဲ ကျေးဇူးတင်စရာပါ။

မန်းတောင်မန္တလေးတောင်ပေါ်ကရင်ပြင်တော်နေရာ….


မန္တလေးရောက်မှတော့ ထုံးစံအတိုင်း မန္တလေးတောင်တက်တာပေါ့။ ကျွန်မတို့က ဒေသအခြေအနေမသိဘဲ ညနေမှောင်စမှာ စွတ်ရွက်တက်လိုက် တာတောင်ပေါ်ရောက်ဖို့ ၂ကွေ့လောက်အလိုမှာ မီးကပျက်သွားပါရော။ အထာမသိတဲ့ ဘုရားစောင်တန်းမှာ မှောင်ကြီးမည်းမည်း စမ်းပြီး ဘေးထိုင်ခုံ တွေပေါ် ငြိမ်ငြိမ်လေးထိုင်နေကာမှ ခွေးကဟောင်ပြီးပြေးလာလိုက်တာ။ အဲဒီစောင်းတန်းက မန္တလေးသူမိန်းကလေးတစ်ယောက်က ကူညီပေလို့ သာပေါ့။ `ကျွန်တော်လိုက်ပို့ပေးပါ့မယ်´ ဆိုတဲ့သူမရဲ့ စကားသံကို ခုထိ ကျေးဇူးတင်စွာ မှတ်မိနေဆဲပါ။ အဲဒီနေ့က မီးပျက်လို့ ဘုရားပေါ်ထိမရောက်ပဲ တောင်အောက်ပြန်ဆင်းခဲ့ပြီး နောက်နေ့မှ လင်းလင်းချင်းချင်းပြန်တက် လိုက်တယ်လေ။ ညဘက်တော့ မတက်ရဲတော့ပါဘူး။

မန္တလေးမှာ ကျွန်မတို့အားထားတဲ့ transportation way က ဆိုက်ကားနဲ့ လိုင်းကားပါ။ ဆိုင်ကယ်တွေကားတွေကြာမှာ ကျုံးတပတ်ပြည့်အောင် ဆိုက်ကားစီးခဲ့ရတဲ့ အချိန်ကလည်းအမှတ်တရပေါ့။ အငှားကားတွေကလည်း ဈေးကခေါင်ခိုက်နေတာလေ။ လိုင်းကားတောင် ရန်ကုန်နဲ့ယှဉ်ရင် မန်းလိုင်းကား တွေက ဈေးပိုကြီးတယ်။ ဆိုက်ကားကတော့ အတန်ဆုံးပဲ။ ဆိုက်ကားစီးရင်း ဆိုက်ကားဆရာတွေဆီက ဒေသန္တရ ဗဟုသုတ လည်းရတယ်။ လိုင်းကားတွေစီး တတ်သွားလို့ မင်းကွန်းသွားတဲ့ မော်တော်ဆိပ်ထိသွားပြီး မင်းကွန်းဘက်ထိ ခြေဆန့်ခဲ့တယ်။ ၄၅မိနစ်လောက်မော်တော်စီးရတာ တိုးတိုးဝှေ့ဝှေ့နဲ့ပေမဲ့ ပျော်စရာပါပဲ။ မင်းကွန်းမှာ နေပူကျဲတဲ လျှောက်ကြည့် ဓာတ်ပုံရိုက်ကြနဲ့ သွားလိုက်ကြတာ မင်းကွန်းဘိုးဘွားရိပ်သာ အရိပ်ကတော့ အေးချမ်းလှပါတယ်။

ရန်ကုန်နဲ့ တခြားနေရာက မိတ်ဆွေတွေဖို့ပေးတဲ့ နာဂစ်သတိပေးချက် Email တွေဖတ်ရတုံးက နာဂစ်ကို သိပ်မထင်မိဘူး။ ဒါပေမဲ့ မေလ ၄ရက်နေ့ ရောက်တော့ ရန်ကုန်ကို ဖုန်းဆက်မရတော့ဘဲ နောက်ထပ်သတင်းတွေ ကြားတော့မှ မုန်တိုင်းဒဏ်တော်တော်ခံလိုက်ရတာ မှန်းမိတယ်။ အိမ်ကို စိတ်ပူလို့ အမြန်ပြန်ချင်ပေမဲ့ ကားလက်မှတ်တွေက ၀ယ်မရဘူး။ လမ်းခဏပိတ်တယ်ဆိုလား။ နောက်ဆုံး (၇) ရက်နေ့ ပြန်ဖို့လက်မှတ်ရတော့ စစ၀ယ်ဈေးက မန္တလေး – ရန်ကုန် လက်မှတ်တစ်စောင်ကို ၁၂၀၀၀ကျပ်ပါ။ ဒါပေမဲ့ ကားပေါ်ရောက်မှ ၃၀၀၀ စီထပ်တောင်းလို့ ခရီးသည်အားလုံး မကျေမနပ် ပေးခဲ့ရတယ်။ သူတို့ကားပေါ်ရောက်နေပြီကိုး။ ဆီဈေးတွေတက်တာ ကျတာတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုးကတော့ မရှိသင့်တာ အမှန်ပါပဲ။

အိမ်ပြန်ခရီးကို ဆက်ရေးရင်တော့ နာဂစ်မြင်ကွင်း တစိတ်တဒေသဘဲ ဖြစ်သွားတော့မယ်။ ဒါကတော့ စစချင်း သတိရသွားတဲ့ မန္တလေးခရီးရဲ့ နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။

Advertisements

တက္ကသိုလ်စတက်တဲ့ ၂၀၀၀ ခုနှစ်မှာ ကားမှတ်တိုင်တွေဆိုတာကို ကျွန်မမှတ်မှတ်ထင်ထင် စိတ်ဝင်စားလာဖြစ်ခဲ့ခြင်းပါ။ အရိပ်တွေဝေေ၀ဆာဆာနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ကျောင်းလမ်းအရှည်ကြီးကို မနက်တစ်ခါညနေတစ်ခါလျှောက်ရင်း ဟိုဘက်ထိပ်ဒီဘက်ထိပ်ကြိုဆိုနေတတ်တဲ့ ကားမှတ်တိုင်အဟောင်းလေးနှစ်ခုကအစပြုခဲ့တာ ဆိုလည်းမမှားပါ။ အဲဒီခုနှစ်တွေတုန်းက ခပ်မွဲမွဲသွပ်မိုးလေးတွေပဲရှိပြီး ထိုင်ခုံမပါတဲ့ အညိုရောင်ကားမှတ်တိုင်ဟောင်းလေးတွေ ရှိနေသေးတဲ့အချိန်။ လှည်းတန်းလိုနေရာမျိုးမှာတောင် အမိုးအပြာရောင်တောက်တောက်နဲ့ လှလှပပ ပလပ်စတစ် ထိုင်ခုံတွေပါတဲ့ ခေတ်မီ ကားမှတ်တိုင် တွေရှိလာတာမကြာသေး။ နောက်ပိုင်းကျအဲဒီလိုကားမှတ်တိုင်တွေနောက်ခံမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေပါရောက်လာပြီး အနုပညာခင်းကျင်းမှုတစ်ခုလိုတောင် ဖြစ်နေတတ်တဲ့ ကားမှတ်တိုင်တွေလည်း ရှိလာတယ်။ ဘယ်လိုပုံစံနဲ့ ဘယ်လိုခင်းကျင်းထားထား ဘယ်လိုမှတ်တိုင်ပဲဖြစ်ဖြစ် ရပ်ရမယ့်ကားတွေကတော့ ခရီးသည်အတက်အဆင်းချိန်လောက်ပဲ ရပ်ပြီးနောက်ထပ်မှတ်တိုင်တွေရှိရာဆီ ခရီးဆက်နေရတာပဲ။ အဲဒီမှတ်တိုင်တွေထဲမှာ တချို့မှတ်တိုင်တွေက အမြဲလိုလို စည်ကားဆူညံနေတတ်သလို တချို့လည်းစိမ်းလန်းငြိမ်းချမ်းလို့။ ကျွန်မကျောင်းသွားနေကျလမ်းပေါ်က ကားမှတ်တိုင်လေးနှစ်ခုကတော့ အမှတ်တရပါပဲ။ နာမည်တွေကတော့ ကျောင်းရှေ့မှတ်တိုင်..ကျောင်းလမ်းမှတ်တိုင်။ မိုးဖွဲဖွဲတွေမိုးသည်းသည်းတွေအောက်မှာအေးချမ်းတဲ့ ရင်ခွင်တစ်ခု အမြဲဖွင့်ထားသလို ကြင်နာတတ်ဟန်ပေါက်နေတဲ့ကားမှတ်တိုင်ဟောင်းလေးများပါ။ တချို့ကျတော့လည်း ဘာအမှတ်အသားဆိုင်းဘုတ်မှမရှိပဲ သတ်မှတ်ချက်အရသာ မှတ်တိုင်ဖြစ်နေရတဲ့ကားရပ်နားရာနေရာလေးများ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ကားမှတ်တိုင်များကိုစိတ်ဝင်စားသည်လေ။အဲဒါကြောင့်ပဲ ကျွန်မဘ၀တစ်လျှောက်ကြုံခဲ့ရသည့် တချို့လူတွေအဖြစ်အပျက်တွေကို ကားမှတ်တိုင်နေရာမှာ ထားမိတော့ အဲဒါတွေအားလုံးကတစ်နေ့နေ့တစ်ချိန်ချိန်မှာ မလွဲမသွေဖြတ်ကျော်ထားရစ်ခဲ့ရမယ့် သင်္ကေတအမှတ်အသားတစ်ခုသက်သက်လိုခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ပြန်ကြည့်လိုက်တိုင်း အမှတ်ရနေစရာရပ်နားခဲ့ဖူးတဲ့ အရိပ်တစ်ခုဆိုတာတော့ လက်ခံရမယ်လေ။

BUS-STOP (1)

အမိုးအကာမဲ့သင်္ကေတမရှိ ဆိတ်ငြိမ်တဲ့ကားမှတ်တိုင်ပါ။ ကျွန်မလေးတန်းကျောင်းသူဘ၀ကမြန်မာစာဆရာ..။ ဆရာကအညာဇာတိဖြစ်ပြီး ကျောင်းမှပဲနေ ကျောင်းသားတွေကိုစာပြရင်းဘ၀မှာနေပျော်နေတဲ့သူ။ ကျွန်မကိုရေဆေးပန်းချီနဲ့ပထမဆုံးရင်းနှီးစေခဲ့ပြီး ကျွန်မလက်ရာပန်းချီတွေကိုကျောင်းကြော်ငြာသင်ပုန်းမှာကပ်လို့ ကျွန်မအိပ်မက်တွေကိုအရောင်တင်ပေးခဲ့တဲ့ဆရာပါ။ဒါပေမဲ့ သိသင့်တာမှန်သမျှကိုလေးတန်းကလေးလေးပါဆိုတဲ့ သတ်မှတ်ချက်အောက်မှာဖုံးကွယ်ခြင်းခံခဲ့ရတယ်လေ။ ကျွန်မတို့ဆရာရုတ်တရက်ပျောက်သွားပုံက ပဉ္စလက်တော့ဆန်တယ်။ တွေးကြည့်ဖို့လည်းကျွန်မဥာဏ်မမီပါ။သတင်းအစပျောက်သွားတဲ့ဆရာ့ကို ကျွန်မရဲ့ပန်းချီတွေကမျှော်နေကြဆဲ..ခုထိပါ။

BUS-STOP (2)

နူးညံ့သိမ်မွေ့မှု ရိုးရှင်းမှုတွေပါဝင်တဲ့တွယ်တာမှုတစ်ခု..။ ၁၉၉၅ သြဂတ်စ်နေ့လယ်ခင်းတစ်ခုကစခဲ့တဲ့အမှတ်တရပါ။ မျက်တောင်ရှည်ရှည်တွေပိုင်ဆိုင်တဲ့ အဲဒီအဖြူရောင်ကောင်လေးကိုကျွန်မက မိုးရေ လို့ဖြူဖြူစင်စင်ခေါ်ခဲ့တယ်။ သူ့လက်ထဲကစီးကရက်ရယ်၊ သူ့စက်ဘီးနောက်ခုံကကောင်မလေးရယ်၊ ကျွန်မလွယ်အိတ်ထဲကသူ့နာမည်တစ်လုံးပါတဲ့စာအိတ်ပြာတွေရယ်၊…။ အဲလိုနဲ့ပဲကျောင်းဖွင့်လိုက်ကျောင်းပိတ် လိုက်နဲ့မျိုသိပ်ခဲ့ရတဲ့ရင်ထဲက ရာသီမှာမိုးစက်တွေက အသန့်ရှင်းဆုံးဇာတ်လိုက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိသူ့ကိုမပြောပြနိုင်သေးတာကတော့ အမှတ်တရဖြစ်စေတဲ့အကြောင်းရင်းများလားမသိပါ…။ အရောင်ခြယ်ရမယ်ဆိုရင်တော့အဖြူရောင်။ပြီးတော့….အစိမ်းရောင်။

BUS-STOP (3)

အာ၊ဘေ၊ဆေ၊ဒေ ဆိုပြီးပြင်သစ်စာကိုကကြီးခခွေးကစသင်ပေးခဲ့တဲ့ဆရာမ။ ကျွန်မရဲ့ချစ်လှစွာသောကားမှတ်တိုင်လေးပါ။ခန့်ညားထယ်ဝါမှု၊နွေးထွေးမှုတွေလွှမ်းခြုံနေတဲ့ထိုမှတ်တိုင်လေးမှာ အကြာကြီးရပ်နားထားချင်ပေမဲ့ကျွန်မကြာကြာရပ်ခွင့်မရခဲ့။ဒုတိယနှစ်မှာပဲထိုမှတ်တိုင်ကအဝေးထွက်သွားတော့ မယ်ဆိုတော့ “ယတဲန်းမ်” လို့စတင်ပြောတတ်နေပြီဖြစ်တဲ့စကားသံတွေနဲ့ ဒဂုံမန်းရထားအောက်မှာနုနုနယ်နယ်မျက်ရည်တွေဝေခဲ့ရတယ်။ပြန်ကြဆိုတဲ့ ဆရာမစကားသံကခုထိကြည်လင်နေဆဲ။ ရထားသံလမ်းတွေကတော့ရက်စက်စွာဖြောင့်တန်းလို့လက်ပြရုံပဲတတ်နိုင်ခဲ့ရတာပါပဲ။ တွေးမိတိုင်းအစအဆုံးအရောင်ထင်လာတတ်တဲ့ကားမှတ်တိုင်လေးပါ။

BUS-STOP (4) ရင်ခုန်သံတွေနှေးလိုက်မြန်လိုက်နဲ့သုံးရာသီကိုလှလှပပဖြတ်ကျော်ခဲ့တဲ့မှတ်တိုင်။ အဖြူရောင်ကြိုးတစ်ချောင်းနဲ့တုတ်နှောင်မိတဲ့အချိန်ကစပြီး ကျွန်မဒိုင်ယာရီထဲသူရိုးရိုးသားသားစတင်ပါဝင်လာခဲ့ တယ်။ တရိရိနဲ့အိပ်မက်တွေ ပေးလိုက်ရတော့မှ အလန့်တကြားနဲ့မှောင်ကြီးမည်းမည်းထဲ ငုတ်တုတ်ထထိုင်မိတဲ့အဖြစ်။ တကယ်ဆိုကျွန်မကအဲဒီကားမှတ်တိုင်လေးကို အရမ်းချစ်ခဲ့ပါတယ်. အလွမ်းတွေ တဝေတဆာနဲ့ နေ့တချို့လည်းရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပေးချင်တဲ့ စကားလုံးတွေက သူ့အတွက် အမှိုက်တွေဖြစ်လာတဲ့အခါ ကယ်သူမရှိတဲ့နေ့ရက်တွေဖြစ်ကုန်ရောလေ။ဒီလိုနဲ့ all trash ဖြစ်ခဲ့ရတဲ့စကားလုံးတွေနောက်မှာ ကိုယ်ဦးနှောက်ကိုယ်မောင်းနှင်ရင်းပဲ ညင်ညင်သာသာဖြတ်ကျော်ခဲ့လိုက်တဲ့ အရောင်လွင်လွင်ကားမှတ်တိုင်…။နောက်ခံသီချင်းကတော့ စည်သူလွင်ရဲ့ ..သူငယ်ချင်း။

BUS-STOP (5)

……………..

………………………………………..

…………………………….                                                  stop

ရှိနေဦးမှာပါ။

ဒီလိုနဲ့ ကားမှတ်တိုင်တွေနဲ့အတူ ကျွန်မရှင်သန်နေဖြစ်ပါဦးမယ်။ ။

ဟိုတယ်/ခရီး ဝန်ကြီးဌာနရုံး (ရုံးအမှတ် ၃၃) မှာပြုလုပ်စရာ ရှိနေတဲ့ ရုံးကိစ္စတစ်ခုနဲ့ ကျွန်မ နေပြည်တော်ကို နေ့ချင်းပြန်ခရီးတစ်ခု သွားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက် အောင်မင်္ဂလာ ကားဝင်းကနေ ကားက ညနေ ၆ နာရီမခွဲခင် ထွက်တယ်။ ထုံးစံအတိုင်း ဗိုက်အပြည့်ဖြည့်ပြီး ကားပေါ်မှာ အိပ်လိုက် ထကြည့်လိုက်နဲ့ လိုက်သွားတယ်။ လင်းလက်တဲ့ မာကျူရီမီးရောင်တွေနဲ့ နေပြည်တော် အဝန်းအဝိုင်းကို ရောက်တော့ မနက် ၃ နာရီခွဲကျော်လောက်ပြီ။

ကျွန်မက ရင်တွေခုန်နေတယ်။ နေပြည်တော်ကို ပထမဆုံးအကြိမ် တစ်ယောက်တည်းလာခဲ့တဲ့ ခရီးဖြစ်နေလို့ပါ။ မြန်မာနိုင်ငံမှာ ခရီးသွားရတာ စိတ်ထဲ အရမ်းကို လုံခြုံတယ်။ ကိုယ့်ကိုကိုယ်လည်း စိတ်ချလက်ချ ဖြစ်နေတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မစိတ်ထဲ အဲလောက်မနွေးထွေးဖြစ်လောက်ဘူး။ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က ချင်းမိုင်-ဘန်ကောက် အဝေးပြေးလမ်းပေါ်က အထီးကျန်မှုတစ်ခုနဲ့ မြန်မာစကားမပြောတဲ့ သူစိမ်းတွေနဲ့အတူ ခရီးသွားခဲ့ရတဲ့ ခံစားချက် တွန်းအားတွေက သွေးပူနေတုန်းမို့ ကိုယ့်အမိမြေမှာ အမျိုးသမီးတစ်ယောက်တည်း ခရီးသွားရခြင်းရဲ့ လုံခြုံနွေးထွေးမှုဆိုတာကို ပိုတန်ဖိုးထားမိတာ ဖြစ်မယ်။

ကျွန်မစီးလာတဲ့ ကားက နေပြည်တော်မြို့မဈေးမှာ ဂိတ်ဆုံးတာမဟုတ်ဘဲ ဘောဂသီရိမှာ ဂိတ်ဆုံးမယ့်ကား။ ကျွန်မကို လာကြိုပေးမယ့် မိတ်ဆွေကလည်း သူနဲ့ပိုနီးတဲ့ ဘောဂသီရိမှာပဲ ဆင်းဖို့ ပြောထားတော့ ကျွန်မက မြို့မဈေးကနေ ဘောဂသီရိထိ အိပ်လိုက်သွားတယ်။ ရောက်တာတောင် မသိလိုက်ဘူး။ မနက် ၄ နာရီကျော်ကျော်ပဲ ရှိသေးတယ်။ ဆိုင်ကယ် ကယ်ရီတွေကလည်း ဝီရိယကောင်းကောင်း ကြိုးစားကြတယ်။ ကားတစ်စီးဆိုက်လာတာနဲ့ ဆင်းမရလောက်အောင် အုံခဲပြီးမေးကြတာပဲ။ ကျွန်မကတော့ လာကြိုမယ့် မိတ်ဆွေက ၅ နာရီကျော်မှ ရောက်မယ်လို့ ပြောထားတော့ စီးလာတဲ့ ကားရဲ့ရုံးခန်းထဲမှာပဲ စောင့်တာပေါ့။ စိတ်ထဲမှာလည်း တစ်ယောက်တည်း စောင့်နေရပေမဲ့ အေးအေးချမ်းချမ်းပဲ။ အမိမြန်မာပြည်ရဲ့ရင်ငွေ့ကလည်း နွေးထွေးနေတယ်။ မိတ်ဆွေကိုလည်း ယုံကြည်တာပါတယ်။

၅ နာရီ ၂၀ မှာ မိတ်ဆွေရောက်လာတယ်။ အရမ်းကို စောနေသေးတာမို့ ပျဉ်းမနားမြို့ထဲမှာ အချိန်လျှောက်ဖြုန်းရင်း မနက်အရုဏ်ကို လမ်းပေါ်မှာ ကြိုဆိုခဲ့တယ်။ ကွန်ကရစ်လမ်းမကျယ်တွေရယ်။ နီယွန်မီးဖြာဖြာတွေရယ်နဲ့ နေပြည်တော်မနက်ခင်းက လှတယ်။ ဆိုင်ကယ်စီးရင်း တိုးဝင်လာတဲ့ လေထုကတော့ အေးစိမ့်စိမ့်နဲ့ လက်ဖဝါးတွေတောင် ထုံကျင်လာတဲ့ထိ..။

ကျွန်မတို့ သွားရမယ့် ရုံးဖွင့်ချိန်ကို စောင့်ရင်း ပျဉ်းမနားမြို့ထဲက စံတော်မီကဖေးဆိုင်ရယ်၊ နေပြည်တော် ရုံးတွေနားက ဝင်းသူဇာစားသောက်ဆိုင်ရယ်နဲ့ တော်တော် ရင်းနှီးသွားရတယ်။ ရုံးမှာ လုပ်ရတဲ့ ကိစ္စကလည်း မကြာလှဆိုတော့…နေရောင်အောက်က အဝေးပြေးလမ်းမကျယ်တွေပေါ်ပဲ ပြန်ရောက်လို့ ရာဇဌာနီလမ်းပေါ် ဘယ်နှစ်ခေါက်မှန်းမသိ ဖြတ်ကြ၊ ရာဇသင်္ဂဟအဝိုင်းကို ဘယ်နှစ်ခေါက်မှန်းမသိ ပတ်ကြနဲ့…. နောက်ဆုံး ရန်ကုန်- မန္တလေးလမ်းပေါ် ရောက်သွားရင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ထဲ ခဏဝင်ကြတယ်။

zoological garden မုခ်ဦး

နေပြည်တော် zoological garden အ၀င်မုခ်ဦးဖြစ်ပါတယ်

 

npt zoological garden zoological garden အ၀င်ဝက အ၀ိုင်း

entrance၀င်ကြေးပေးရတဲ့နေရာများ

အဝင်မုခ်ဦးမှာရော..အတွင်းလမ်းက အဝိုင်းမှာပါ ကျောက်ဆစ်ဖြူဖြူဆင်ရုပ်တွေနဲ့ လှလှပပဆင်ယင်ထားတဲ့ တိရစ္ဆာန်ဥယျာဉ်ကြီးက တခမ်းတနားပါပဲ။ ကြိုက်မိတာက နေပြည်တော်တိရစ္ဆာန်ဥယျာဉ်လို့ ရေးထားတဲ့ မုခ်ဦးရဲ့ ဗိသုကာပါ။

ဝင်ကြေးက လူကြီး ၁ဝဝဝ ကျပ် ကလေး ၅ဝဝ ကျပ်ပါ။ အထဲမှာ ဝင်သွားရင် အမှတ်တရပစ္စည်းအရောင်းဆိုင်တန်းလေး ရှိပါတယ်။ အဲဒီမှာ နေပြည်တော်ထွက် အမှတ်တရပစ္စည်းတွေနဲ့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ် အမှတ်တရပစ္စည်း၊ အင်္ကျီတွေ ရနိုင်ပါတယ်။ အဲဒီဆိုင်တန်းအနီးမှာတော့ ဥယျာဉ်တစ်ခုလုံးရဲ့ လမ်းညွှန်မြေပုံကြီးနားမှာ ဥယျာဉ်တစ်ခုလုံးကို အနှံ့လိုက်ပို့တဲ့ အပျော်စီးကားရောင်စုံလေးတွေ ရှိတယ်။ အနီ၊ အပြာ၊ အဝါ၊ အစိမ်း စုံလို့ပါပဲ။ ကားက နှစ်မျိုး ရှိတယ်။ မိနစ် ၅၀ ကို ၅ဝဝဝ ကျပ်ပေးရတဲ့ အမျိုးနဲ့ ၂၅ဝဝ ကျပ်ပေးရတဲ့မျိုး။ လာကြတဲ့မိသားစုတွေ သူငယ်ချင်းအုပ်စုတွေကတော့ ပထမအမျိုးစားကို စီးကြတာများတယ်။ အဲဒါက လမ်းဘေး ဝဲယာရှုခင်းတွေကိုလည်း သေချာခံစားနိုင်မယ့်အပြင် လှလည်းပိုလှတယ်လေ။

zoological gardenအတွင်းပိုင်းတနေရာက စာတန်း

သမင်သမင်တွေနေရာ….

zebrasမြင်းကျားတွေ ကျက်စားနေတဲ့ကွင်း

ကျားဖြူခပ်တည်တည်နဲ့ကျားဖြူကြီး

 

ကျွန်မတို့ အဲဒီကားလေးငှားပြီး လျှောက်ကြည့်လိုက်တာ မိနစ် ၅ဝ တောင် မပြည့်သေးဘူး။ ကားဆရာကြီးက ပြန်လှည့်ချင်နေလို့ ပြန်ခိုင်းလိုက်ပြီး ကိုးခြောက်ကိုးသုံးနဲ့ ဆက်ကြည့်ကြတယ်။ နေပူပူအောက်မှာ ဥယျာဉ်ကြီးကတော့ တစ်ခါတလေ အေးချမ်းနေသလို တစ်ခါတစ်ခါလည်း ချွေးဒီးဒီးကျ..။

ဆင်တွေနေတဲ့ကွင်း မျောက်ရုံ စတဲ့တွေ့နေကျ တိရစ္ဆာန်လေးတွေအပြင် ကျားဖြူကြီးကိုလည်း တွေ့ခဲ့ရလို့ သဘောကျစွာ မှတ်တမ်းတင်လိုက်သေးတယ်။ ငှက်ရုံတွေထဲဝင်တော့ အဝင်အပေါက်တွေမှာ သံကွင်းဆက်ကြိုးအလေးကြီးတွေနဲ့ လိုက်ကာလို ချထားတဲ့ပုံစံက ငှက်တွေ ထွက်မပြေးနိုင်အောင်ဆိုတာ မိတ်ဆွေ ပြောပြမှသိတယ်။ တုံးချက်ကတော့….။

ငှက်တွေကလည်း ရောင်စုံ…။ အမျိုးလည်းစုံတယ်။ ငှက်တွေကြားက တံတားလေးအောက်မှာ ဒေါင်းတွေကလည်း အတောင်အမွေးတလူလူနဲ့။ သမင်တွေကိုကျ သဘာဝဆန်ဆန် အပြင်မှာ လွှတ်ထားတယ်။ သမင်လေးတွေကလည်း အတော်ယဉ်တယ်။ လူလာတာတောင် မပြေးဘူး။ ပင်လယ်ရေသတ္တဝါတွေကိုတော့ ပြတိုက်တစ်ခု သပ်သပ်ထားပြီးဝင်ကြေး ၂ဝဝ ကျပ် ထပ်ပေးရတယ်။ အထဲမှာတော့ ကျောက်ဂူဆန်ဆန်တည်ဆောက်ထားပြီး အေးမြနေတယ်။ မြွေမျိုးစုံ၊ ငါးမျိုးစုံနဲ့ ဇီဝမျိုးကွဲ တော်တော်စုံစုံတွေ့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ပါ။ နောက်ပိုင်း အရိပ်တွေပိုပြီး ဝေဆာလာမယ် ဆိုရင်တော့ ပိုပြီးစည်ကားအေးချမ်းလာမယ့် အပန်းဖြေဥယျာဉ်စခန်းလေးပေါ့။

ငါးငါးတွေရော…

ကြက်တူရွေး ပြာရောင်တောက်လို့ လှလှပပနဲ့ ငှက်ကလေး

ငှက်မောင်နှံRomantic birds…. 😀

အပျော်စီးကားငယ်တရိစ္ဆာန်ဥယျာဉ်ထဲမှာ လျှောက်သွားပေးနေတဲ့ အပျော်စီးကား…။

အဲဒီက အပြန်မှာ ရေဆင်းတက္ကသိုလ်နားကဖြတ်ပြီး ကျောင်းဆောင်တွေ၊ စိုက်ခင်းတွေကို လိုက်ကြည့်တယ်။ အဲဒီပတ်ဝန်းကျင်က ကျွန်မအတွက် အထူးအဆန်းတွေလို ဖြစ်နေတယ်။ မနက် ရုံးအတက် ပို့တဲ့ ဖယ်ရီတွေ၊ Blue Collar  အလုပ်သမားတွေ တင်လာတဲ့ ကားကြီးတွေ၊ လိုင်းကားတွေ၊ ဆိုင်ကယ်နောက်တွဲယာဉ်တွေနဲ့ နေပြည်တော်က မနက်ကနေ အခုလို နေ့လယ်ထိအောင် စည်တော့ စည်နေတာပါပဲ။ ညနေစောင်းတော့ အာဟာရသုခဈေးထဲ ဝင်ကြည့်ကြတယ်။ ကုန်စိမ်းသည်တွေ အများဆုံးဈေးကွက်ဖွင့်ထားတဲ့ ဈေးချိုတဲ့ ဈေးပေါ့။ ဆိုင်ခန်းတွေနဲ့အပြင်ကို အပြင်လေဟာပြင်မှာပါ မျက်စိတဆုံးမြင်နေရတဲ့ ဈေးတန်းကြီးထဲ လျှောက်ရင်း အလိုလိုပျော်လာမိတယ်။ အဲဒီဈေးက ဘောဂသီရိကားဝင်းနဲ့လည်း မဝေးဘူး။ ဈေးရဲ့ အရှေ့ဘက် လမ်းဘေးမှာလည်း မျက်စိတဆုံးမြင်နေရတဲ့ စိမ်းလန်းတဲ့ စပါးခင်းတွေ၊ တောင်တန်းတွေနဲ့၊ ဆိုတော့ စိတ်အပန်းလည်း ပြေတယ်။

အဲဒီတော့ ရန်ကုန်ပြန်ကာနီး အချိန်ပိုနေသေးတဲ့ ကျွန်မက ဈေးထဲမှာ ဝင်ပတ်ပြီး သဘာဝအလှတွေနဲ့ နေပြည်တော်ကို နှုတ်ဆက်…။ ဘောဂသီရိကားဝင်းထဲ ပြန်လာ၊ ကိုယ်စီးမယ့်ကားရုံးခန်းထဲမှာ ထိုင်စောင့်ပြီး မိတ်ဆွေကို နှုတ်ဆက် ကျေးဇူးတင်စကားပြောတယ်။ အချိန်ကတော့ ညနေမှောင်စပေါ့။ နီယွန်မီးတွေ ပြန်ထွန်းကာစ ကာလမှာ ကျွန်မနေပြည်တော်က ပြန်လာခဲ့တယ်။ ဘောဂသီရိက ကားထွက်ပြီး မြို့မဈေးမှာ ခရီးသည်တွေ အများကြီး ထပ်တက်တယ်။ အတော်များများက ဝန်ထမ်းတွေ ဖြစ်ပုံရတယ်။ ကျွန်မဘေးမှာ ထိုင်တဲ့ အစ်မက အေးအေးချမ်းချမ်းပုံလေးပါ။ ကျွန်မကလည်း တစ်နေကုန် ပင်ပန်းထားတာမို့ ကားပေါ်မှာ အိပ်လိုက်တာ ညလယ်စာ ဘာညာအတွက် ကားရပ်ပေးရင်တောင် အဲဒီအစ်မ နှိုးပေးမှ နိုးတဲ့အဖြစ်..။ လမ်းဘေးက ရှုခင်းတွေကိုလည်း ကြည့်ဖို့ စိတ်မပါတော့ဘူး။ အိပ်ပြီးရင်း အိပ်ရင်းကို ဖြစ်လို့။

ရန်ကုန်ရောက်တော့ မနက် ၄ နာရီခွဲ ၅ နာရီလောက် ရှိပြီ။ ဘေးကအစ်မကို သူ့အမျိုးသား လာကြိုသွားတယ်။ ကျွန်မကတော့ ၄၃ ဘတ်စ်ကား တက်စီးပြီး အိမ်ပြန်လာလိုက်တယ်…။

2008, November 6, 6 pm

March 6, 2009

မြို့လေးကို အဝေးပြေးကားပေါ်က လက်ပြလိုက်တယ်

သူငယ်ချင်းရဲ့တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဝေးဝေးလာရင်း

သူစိမ်းတွေအလယ်မှာ ကျွန်မက တိတ်တိတ်လေးငိုလို့။

ပျော်ရွှင်စွာလာခဲ့တယ်

ခုတော့တစ်ယောကတည်း။

ပြီးတော့….တစ်ယောက်တည်း

နားမလည်နိုင်တဲ့ စကားသံတွေကြားမှာ

မနိုင်ဝန်တွေနဲ့ အမိမြေကိုသတိတရ။

ဘာပဲဖြစ်ဖြစ်

ရီနန်မန်းရှင်းရှေ့က ပဲနို့ဆိုင်လေးကတော့ ကျန်ရစ်ခဲ့ပြီ။

လောလောဆယ်တော့ သူငယ်ချင်းကို သတိရနေတယ်

ပြီးရင်လည်း သူ့ကို သတိရဦးမယ်။

သီတင်းကျွတ်လပြည့်ညက

သန်းခေါင်ရောက်လုနီးထိ ပျော်ခဲ့တဲ့ဈေးည မှတ်မိနေတယ်။

အဲဒီညကလို ခုလည်း

ရှေ့က အဝေးပြေးလမ်းပေါ်က နီယွန်မီးရောင်တွေနဲ့လေ

ပထမအကြိမ်လွမ်းရတဲ့ အပြန်ခရီး…

ငါက အနာဂတ်ကိုကြိုမသိခဲ့ဘူး

ဒါပေမဲ့ သူငယ်ချင်းကိုတော့ လွမ်းတယ်။

hhe & me

dallaဒလဆိုတဲ့မြို့က ရန်ကုန်တစ်ဖက်ကမ်းမှာရှိပြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်မှာ ပါဝင်ပါတယ်။

ဒလကိုလာမယ်ဆိုရင်တော့ လမ်း ၂ လမ်းရှိပါတယ်။ တစ်လမ်းက ရမ်ကုန်မြစ်ကို သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်နိုင်တဲ့လမ်းနဲ့ လှိုင်သာယာတံတားကနေ ကားလမ်းတိုက်ရိုက်နဲ့ လာလို့ရတဲ့ လမ်းတို့ဖြစ်ပါတယ်။ လှိုင်သာယာဘက်က လာရင်တော့ အချိန်နည်းနည်းပိုပေးရလို့ များသောအားဖြင့်တော့ ဧည့်သည်တွေက ပန်းဆိုးတန်းကနေ သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်တဲ့ လမ်းကိုပဲ အသုံးများတယ်။

အဲဒီတော့ အရင်ဆုံး ပန်းဆိုးတန်းလမ်းမကြီးအောက်ဘက်အဆုံးက သင်္ဘောဆိပ် (ပန်းဆိုးတန်းဆိပ်) ကို အရင်ရောက်အောင်လာပေါ့။ ပြီးရင် ၁၀ ကျပ်ပဲပေးရတဲ့ သင်္ဘောစီးလက်မှတ်ဝယ် ပြီး သန့်ရှင်းတဲ့မြစ်လေကို ရှူလို့ ၁၀ မိနစ်လောက် သင်္ဘောစီးလိုက်တာနဲ့ ဒလကိုရောက်ပါပြီ။

ဒလဆိပ်ကမ်းဘက်ကိုရောက်တာနဲ့ မြို့ပြနဲ့လုံးဝအသွင်ကွဲသွားတဲ့ ပတ်ဝန်းကျင်က နှုတ်ဆက်နေမှာပါ။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတန်းမိနေတဲ့ ဒလသူဒလသားတွေအဖို့ ဧည့်သည်သူစိမ်းတွေဆို အနည်းအကျဉ်းတော့ ရိပ်မိတတ်ပါတယ်။


dalla၂မြန်မာလူမျိုးတွေထုံးစံအတိုင်း တစ်ရပ်တစ်ကျေးရောက်တာနဲ့ နာမည်ကြီးဘုရားကျောင်းကန်တွေ သွားချင်တယ်ဆိုရင်တော့ သင်္ဘောဆိပ်နဲ့ လည်းမဝေးတဲ့ ဒလသင်္ဘောကျင်းရှေ့က ရွှေစာရံဘုရားနဲ့ မြို့အတွင်းပိုင်းက မဟာသင်္ကြန်ဘုရားကြီးကို ညွှန်းပါတယ်။ ရွှေစာရံဘုရားပရ၀ုဏ်ထဲမှာဆို လူတော်တော်စိတ်ဝင်စားပြီး လာကြည့်တဲ့ ရဟန်းတာ အရှင်မြတ်တစ်ပါးရဲ့ ရွှေရည်စိမ်ရုပ်ကလာပ်တော် ရှိတယ်။ အဲဒီရုပ်ကလာပ်ကိုတူးဖော်တွေ့ရှိခဲ့တာက ဒီဘက်ခေတ်ရောက်မှပါ။ ထူးဆန်းတာလေးတွေ မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ အံကိုက်ပဲ။

shwe sar yan pagodaရွှေစာရံဘုရားဖြစ်ပါတယ်။ ရဟန်းတာရုပ်ကလာပ်စံကျောင်းတော်ရဲ့ အနီးမှာရှိတာပါ။

ရုပ်ကလာပ်တော်မဟာသင်္ကြန်ဘုရားကြီးဆိုရင်လည်းမြင့်မားလှတဲ့ ရုပ်ပွားတော်မြတ်ကြီးကို တန်ဆောင်းထဲမှာ သွန်းလုပ်ပူဇော်ထားတာဖြစ်ပြီး အနီးက မဟာသင်္ကြန်ရေကန်နဲ့အတူ အေးအေးချမ်းချမ်းရှိလှပါတယ်။

imageမဟာသင်္ကြန်ဘုရားကြီးဖြစ်ပါတယ်။ မြို့အတွင်းပိုင်းကျကျမှာ တည်ရှိတာပါ။

ဒလကိုရောက်ရင်တော့ မြို့ထဲကိုဆိုရင် ဆိုက်ကားတို့ ဆိုင်ကယ် ကယ်ရီတို့နဲ့ကိုယ်သွားချင်တဲ့ နေရာကို ဈေးသက်သာစွာ သွားလို့ရပါတယ်။ ဒလကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဖျာပုံ စတဲ့မြို့တွေဆီ ဆက်သွားချင်တယ်ဆိုရင်တော့ ဒိုင်နာ၊ ဟိုင်းလပ်၊ မှန်လုံယာဉ်၊ စူပါဆလွန်းအငှားကားတွေအပြင် ဆိုင်ကယ် ကယ်ရီတွေနဲ့ပါ လေတ၀ရှူရင်းသွားလို့ရတယ်။

ကမ်းနားအ၀ိုင်း

ဒလရဲ့ အစည်ကားဆုံးနေရာကတော့ သင်္ဘောဆိပ်ပါ။ ကားဂိတ်နဲ့ သင်္ဘောဆိပ်က တွဲစပ်နေတာမို့ အမြဲမပြတ် လူတွေ ကားတွေ ဆိုက်ကား ဆိုင်ကယ် စက်ဘီးတွေနဲ့ စည်ကားနေတတ်ပါတယ်။ ရုံးတတ်ရုံးဆင်းချိန်ဆို အစည်ဆုံးပေါ့။

ဒလမြီု့သူမြို့သားအများစုက လက်လုပ်လက်စားဝန်ထမ်းတွေပါ။ အလုပ်တွေကလည်းရန်ကုန်မှာပဲ လာလုပ်တာများပါတယ်။ ဒီတော့ ရန်ကုန်မြစ်ကိုနေ့တိုင်းကူးပြီး အလုပ်ဆင်းကြတယ်။ တတ်နိုင်သူတချို့သာ ကိုယ့်မြို့မှာပဲ စီးပွားရေးတစ်ခုခုထူထောင်လုပ်ကြတယ်လေ။ ကျွန်မအပါအ၀င် အများစုကတော့ ရန်ကုန်ဘက်ကမ်းကို နေ့စဉ်နဲ့အမျှ အလုပ်တက်ဆင်းလုပ်နေတဲ့ သာမန်ဝန်ထမ်းလူတန်းစားတွေပါ။

………ဆက်ရန်။

chiang_mai1ချင်းမိုင်မှာ ရှင်သန်ခဲ့တဲ့ ၃ လတာကာလအကြောင်းပါ။ ကာလတိုလေးပေမဲ့ တကယ်ကို အမှတ်တရတွေကျန်ခဲ့တဲ့ အချိန်လေးပါ။

ကျွန်မတို့ ချင်းမိုင်ကို ရောက်တဲ့အကြောင်းရင်းကတော့ CDCE လို့ခေါ်တဲ့ certificate program သင်တန်းအတွက်ပါ။ ကျွန်မက မိဘမဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ အပတ်စဉ် လုပ်အားပေးတော့ အဲဒီအတွက် ပရိုဂရမ်မှာပါဝင်ဖို့အရွေးခံရတာဆိုလည်းမမှား။ အဲဒီ စာတီဖီကိတ်ပရိုဂရမ်က တော်တော်လေး ကောင်းပါတယ်။ developmental subject မျိုးစုံကို ဆရာကောင်းတွေနဲ့ ပို့ချပေးတယ်။

အဲဒီသင်တန်းကြောင့် အရင်ဆုံး မိတ်ဆွေအသစ် ၃၀ ယောက်တောင်ရခဲ့တယ်။ CDCE network လို့ သူတို့ခေါ်ကြတဲ့ မြန်မာပြည်အရပ်ရပ်က social worker မျိုးစုံပေါ့။ ကြည်နူးစရာကောင်းတာက သူတို့နဲ့ခုထိ အဆက်အသွယ် အပြတ်သေးတာပါပဲ။ အရမ်းကူညီတတ်တယ်။ အရမ်းနားလည်ပေးတယ်။ အရမ်းခင်ဖို့ကောင်းတဲ့အဖွဲ့လေးပါ။

pa180075

ချင်းမိုင်က resort တစ်ခုမှာ ၃ လလုံးလုံး အတူနေအတူစား အတူအတန်းတက်ရင်း အချိန် ကုန်မှန်းမသိကုန်ခဲ့တာပါ။ သင်တန်းပြီးလို့ သူတို့က ဘန်ကောက်မှာလည်ဖို့ ကျွန်မထက် တစ်ရက်စောပြီး ပြန်တဲ့ညနေကဆို ရင်ထဲမှာ လှိုက်ပြီးတော့တောင်ခံစားလိုက်ရတယ်။

ဒါပေမဲ့ မြန်မာပြည်မှာပြန်တွေ့ကြတဲ့ မိတ်ဆုံညစာဝိုင်းမှာတော့ အားလုံးလိုလိုပြန်ဆုံလို့ ပျော်လိုက်ရတာ။

ချင်းမိုင်မှာတုန်းက ကျောင်းပြေးပြီး project မလုပ်ချင်ဘဲ အပျင်းကြီးနေတဲ့ကျွန်မကိုဆွဲဆွဲခေါ်လို့ စာလုပ်ခိုင်းတတ်တဲ့ ဘော်ဒါကြီး AM.Min နဲ့ MZ.Ko တို့နဲ့လည်း ပြန်ဆုံရတယ်။ အဲဒီတုန်းက အားလုံးတက်ညီလက်ညီ ပူးပေါင်းကြိုးစားလိုက်တာ ကျွန်မတို့ ပရောဂျက်လေးက ဆုရခဲ့လို့ ပိုပျော်ခဲ့ရသေးတယ်။ အတန်းဆင်းပွဲ ဒင်နာမှာ ဆုရလို့ ပျော်မော်ပြီး ကခုန်နေခဲ့ပေမဲ့ ဒီသူငယ်ချင်းတွေနဲ့ခွဲရတော့မှာ တွေးမိလို့ ကပွဲဆုံးအောင်တောင်မပျော်ခဲ့ရပါဘူး။ ပွေ့ဖက်ကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ မျက်ရည်ဝဲကြနဲ့ အားလုံးက See you again in Myanmar လို့ ကိုယ်စီပြောရင်းပေါ့။

ဒီ ပရိုဂရမ်ပြီးရင် ကိုယ့်ရပ်ကိုယ်ပြန်ပြီး သင်ပေးလိုက်တာတွေကို ပြန်အသုံးချ အများအကျိုးကို အရင်ထက်ပိုကျွမ်းကျင်စွာ လုပ်ပေးရင်း ဆက်လက်ရှင်သန်ဖို့ပါ။ ဒါပေမဲ့ သူများတိုင်းပြည်က မြို့လေးတစ်မြို့မှာရှိတဲ့ အပန်းဖြေဟိုတယ်လေးတစ်ခုမှာ မြန်မာပြည်အငွေ့အသက်တွေ အပြည့်အ၀လွှမ်းခြုံပြီးနေခဲ့တဲ့ အဲဒီကာလလေးကတော့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။

pa180116အမှတ်တရများထဲက တစ်ခု