မြို့ပြမိန်းမတစ်ယောက်နဲ့အချစ်အကြောင်းစကားစမြည်

ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့

အောက်တန်းကျတဲ့ ဓားသွားတွေနဲ့

ရန်ကုန်မြို့  ကြီးဟာ

ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို

“ ဘဝသံသရာ…..”

တကယ်လို့

ရန်ကုန်မြို့  ကြီးဟာ ဝင်္ကပါဆိုရင်

ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့

အသားတစ်တုံးမရမချင်း

မြို့  ပြရဲ့   လမ်းမတွေမှာ

သူ့အသက် ကိုယ့်အသက်လုလို့

ကျွန်မတို့ ပြေးလွှားနေကြရဦးမှာပေါ့

အဲဒီလို မရေရာတဲ့ ဘဝကို

ကျွန်မ

ပုံမှန်အတိုင်း ဖြတ်သန်းနေပါတယ်

တက္ကသိုလ်က ဘွဲ့တစ်ခုရထားတယ်

သင်တန်းတော်တော်များများ တက်ထားတယ်

ကျွန်မရတဲ့ လခက

ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် မရှိချင်ဘူး

ကျွန်မမက်တဲ့ အိပ်မက်တွေကလည်း

ကျွန်မညနဲ့တောင် သိပ်မဆန့်ချင်ဘူး

ဘာပဲပြောပြော

ကျွန်မပျော်ရွှင်စွာ နေထိုင်နေပါတယ်

အားတဲ့အခါ တစ်ခြားမိန်းမတွေလိုပဲ

ကျွန်မလည်း Chatting ဝင်တယ်

Chat room ထဲမှာ Nickname တစ်ခုရှိရင်

ချစ်ခြင်းမေတ္တာ ၊ သစ္စာတရားဆိုတာ ရေလဲသုံးဖို့ပဲ

ဘဲအလန်းဇယားလေးတွေဆိုရင်

Web cam ကတဆင့် အီလိုက်မှာပဲ

ကျေးဇူးပြုပြီး

ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မရှေ့  မှာ အသံလာလာထွက်မပြပါနဲ့

ရှင်ဒီလောက်ယုံကြည်ရအောင်

ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်မဟုတ်ဘူး

ခုတစ်လော

ကျွန်မဆံပင်တွေ နှစ်ခွဖြစ်နေတာလောက်

သစ္စာတရားဟာ စိတ်ဝင်စားစရာမကောင်းဘူး

ရှင်မကြာခဏပြောပြောနေတဲ့

Platonic Love ဆိုတာကလည်း ကျန်ခဲ့ပြီ

ရှင်သိထားဖို့က ရှင့်ဆီမှာ

ကားပါရင် လန်းမယ်

လက်ကိုင်ဖုန်းရှိရင် ချစ်ခြင်းမေတ္တာဆီ ဖုန်းဆက်ရတာ

အဆင်ပြေမယ် ၊ လွယ်ကူမယ်

အရာရာဟာ ခေတ်ကာလက တောင်းဆိုတဲ့အတိုင်း

အရာရာဟာ

ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့  ရိုက်ခတ်မှုအတိုင်း

ဘာ

ကောင်းကောင်းနေဖို့

ဟုတ်လား

ကျွန်မမျက်စိထဲမှာ ရှင်ဟာ စိတ်ကူးယဉ်ဝါဒနဲ့ ပြုပြင်ရေးသမားပဲ

ရှင်မက်နေတာ

ကျွန်မအဖိုးတို့ခေတ်က အိပ်မက်အဟောင်းအမြင်းကြီးပဲ

ရှင်သိထားဖို့က

မိန်းမမာယာတို့ ဘာတို့ဆိုတာ

ဇာတ်တော်ထဲမှာ ကျန်ခဲ့ပြီ

မိန်းမတို့ ဣနြေ္ဒဆိုတာ

အရှိန်ပြင်းပြင်းမောင်းသွားတဲ့ လင်ခရုဇာပေါ်ပါသွားပြီ

ကျေးဇူးပြုပြီး

ရှင့်စကားလုံးတွေနဲ့ ကျွန်မသိက္ခာကို ဖြတ်ဖြတ်မရိုက်ပါနဲ့တော့

ကျေးဇူးပြုပြီး

ကျွန်မနေမှုဘဝထဲ ခေတ်မစားတော့တဲ့ ရှင့်အတွေးအခေါ်တွေနဲ့

မီးလို လာလာမတောက်ပါနဲ့တော့

ရှင်ပြောပြောနေတဲ့

ဗာစကို ပိုပါတို့

မီရောစလဗ် ဟောလုဗ်တို့ကို ကျွန်မမသိပါဘူး

ရှင်ပြောပြောနေတဲ့

မောင်ချောနွယ်တို့

ဖော်ဝေးတို့ကိုလည်း ကျွန်မမသိပါဘူး

ကျွန်မသိတာ

Triumph

Wacoal

L’Oreal

Camella

ပြီးတော့ ကျွန်မသိတာ

ကမ္ဘာမြေကနေ

သစ်တောတွေ တစ်ရွေ့ ရွေ့   ဆုတ်ခွါနေကြပြီ

ယဉ်ကျေးမှုချင်း တိုးတိုက်မိကုန်ပြီ

ကျွန်မတို့ မြင်နေရတဲ့ ကမ္ဘာဟာ အသစ်အသစ်ပဲ

လိုက်လျောညီထွေ မဖြစ်ရင်

မြို့ပြဟာ ရှင်တို့ ကျွန်မတို့ကို ဝါးမြိုသွားမှာပဲ

ဒီတော့

ရှင်ပြောပြောနေတဲ့

Prose Poetry တို့

Deconstruction တို့

Dadaism  တို့ကို ကျွန်မ မသိဘူး

ဟုတ်တယ်

ရှင့်ရဲ့   ကဗျာအနုပညာနဲ့ ပတ်သတ်ရင်

ဘာဆိုဘာမှ ကျွန်မ မသိဘူး

သိလည်း မသိချင်ဘူး

ဒါပေမယ့် လွယ်ပါတယ်

ဆယ်ခါတစ်ခါပေါ့

သိချင်တဲ့အခါ လိုအပ်လာတဲ့ အခါကျတော့လည်း

Google ဖြစ်ဖြစ်

Yahoo ဖြစ်ဖြစ်

Alltheweb  ဖြစ်ဖြစ်

ကြိုက်တဲ့ Search Engine နဲ့ရှာကြည့်လိုက်ရုံပေါ့

ပြီးတော့ ကြုံတုန်းပြောရဦးမယ်

ကျေးဇူးပြု၍ ကျွန်မအကြောင်းတွေ

ရှင့်ကဗျာထဲ ထည့်ထည့်မရေးပါနဲ့

ရှင်သစ္စာတိုင်ရအောင်

ကျွန်မက ရာဇဓာတုကလျာ မဟုတ်ဘူး

ကျွန်မက ရှင်နှောင်းလည်း မဟုတ်ဘူး

ရှင်ပြောပြောနေတဲ့ ညီမလေးမမမြင့် ဆိုတာလည်း ကျွန်မ မသိပါဘူး

ဒါပေမယ့်

နာတာလီကိုတော့ ကျွန်မ သဘောကျတယ်

ဘယ်လိုလဲ

ရှင်ရော ပွတ်ရှကင်လို သေနတ်ချင်းယှဉ်ပစ်ချင်သေးလား

သစ္စာမဲ့မှုလက်အစုံနဲ့

ရှင့်ပါးကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ခံရရင်

ရှင်ဘယ်လိုတုံ့ပြန်မလဲ

ကျွန်မ သိချင်သေးတယ်

ရှင်ရယ်….

မြို့ပြဘဝအခင်းအကျင်းမှာ

ခေတ်ပြိုင်လူ့အဖွဲ့အစည်းမှာ

လိုအပ်ချက်အရ ကျွန်မလည်း Ezee 2 ကို သိရတယ်

Safety Period ကို သိရတယ်

ဒါကို ရှင်အထင်မသေးပါနဲ့

ကျွန်မသိတာ တစ်ချက်အကွက်ရွှေ့   မှားရင်

အစားခံရဖို့ပဲ

ချစ်ခြင်းမေတ္တာဆိုတာ

ကျွန်မ မယုံကြည်ရဆုံးစစ်မျက်နှာပဲ

ရှင်လည်း

ကျန်းမာအောင်နေပါ

ပျော်ရွှင်စွာ နေထိုင်ပါ

ကဗျာတွေချည်း ဖိရေးမနေနဲ့

အရက်တွေချည်း ဖိသောက်မနေနဲ့

ရှင်လည်း ရှင့်ဘဝနဲ့ရှင်

ကျွန်မလည်း ကျွန်မဘဝနဲ့ ကျွန်မ

ဘာကို စိတ်ကူးယဉ်ဆန်နေဦးမလဲ

ပြီးတော့ ရှင်သိထားဖို့

ကျွန်မပြောမယ်

ဘဝဆိုတာ

ရှေ့  တစ်လှမ်းမတိုးရင် နောက်ဆုတ်တာပဲ

ချစ်ခြင်းမေတ္တာဆိုတာ

နေ့စဉ်ဘဝ Program ကို ဖျက်ဆီးပစ်မယ့် Spyware ပဲ

ဒီတော့

ရှင်နဲ့ ကျွန်မ ဘယ်လိုရှေ့  ဆက်မလဲ။       ။

(ဘုန်းနေသွန်း)

Sunday November, 22 ရက်နေ့က ပို့ပေးတဲ့ ကဗျာဆရာ သူငယ်ချင်းရဲ့ လက်ရာ…။

******************************************************

`နှလုံးအိမ် ကို ထိတော့မှ မြည်တဲ့ အသံ´

မျက်နှာချင်းဆိုင်က ၀င်လာတဲ့ ဓါးချက်ကို
လေစုန်အတိုင်း လွှဲချလိုက်
ဒီနေ့ဟာ နေသာသော နေ့တစ်ရက် ဖြစ်တယ်။
သုတေသနစစ်တမ်းများ အရ
ရနံ့အကြောင်း ဆိုတာ
ပန်းတိုင်းအတွက်
သင်ကြားဖို့ မလိုသော ဘာသာဗေဒ
ငြိမ်ဆိတ်နေသော ရေပြင်ကို သာ ခဲ´မပစ်ပါနဲ့
ကိုယ်ကြပ်အင်္ကျီမှာ လက်တစ်သစ်စာ
အဟ အကြားတောင် မရှိ လို့ ယုံထားရင်
အဝေးဆုံးက မီးတစ်ပွင့်မှာလည်း အလင်းရှိမြဲ
အာရုံသိက ဖြစ်မယ့် စည်းချက်အရ
အသွေးအသား သက်သက် ကခုန်လိုက်ရုံ
သိပ်ပြီး တွေးမထားပါနဲ့
ခဏအကြာ ဘာမဆိုဖြစ်သွားလေ့ရှိဆဲ…။ ။

(သိင်္ဂါရ)
13th September 2009

****************************************************

ရန်ကုန်မြို့ ၌ ပျော်ရွှင်စွာ နေထိုင်ခြင်း

လျှို့  ဝှက်သည်းဖို ဇာတ်လမ်းတွေထဲ

မင်းသားနောက် အရိပ်တစ်ရိပ်ဖြတ်သန်းသွားသလိုမျိုး

ဘဝက သည်းထိတ်ရင်ဖိုဆန်လှတယ်

တစ်နေ့တစ်နေ့

ကိုယ့်အသက်ကိုယ် မနိုင်ဝန်လို ထမ်းပိုးနေရ

တစ်နေ့တစ်နေ့

ကိုယ့်ပရိဒေဝ တစ်နင့်တစ်ပိုးကို

တစ်ပါးသူပေါ် ဖိတ်စင်မကျအောင် ကာကွယ်နေရ

တစ်ကယ်ဆို ပိုက်ဆံမရှိတာထက်

အသိဥာဏ်မရှိတာက ပိုရှက်ဖို့ကောင်းတယ်မဟုတ်လား

ဒါမှမဟုတ် ပိုက်ဆံမရှိတာ

မှားယွင်းတဲ့ အသက်ရှင်နေထိုင်မှု ပုံစံတစ်မျိုးလား

ဘဝမှာ

ကိုယ်မဖွင့်ပေမယ့် ပွင့်နေတဲ့ တံခါးတွေ

ကိုယ်ဖွင့်ပေမယ့် မပွင့်နိုင်တဲ့ တံခါးတွေ

အပျင်းမပြေတဲ့

အပျော်ဖတ်ဝတ္တုတွေ

သြော်….

ရယ်ပေမယ့် ငါတို့ မောနေကြပါတယ်

မပျော်ရွှင်ပေမယ့် ပျော်ရွှင်စွာ နေထိုင်နေပါတယ်။      ။

ဘုန်းနေသွန်း

၆-၆-၂၀၀၉

အင်္ဂါ။

အသစ်လေး ရေးပြီး ဘော်ဒါအရင်း ခေါက်ခေါက်တွေအတွက် သတိတရ ပို့ပေးတဲ့ ကဗျာဆရာ ဘုန်းနေသွန်းပါ

***********************************************

“Suffering in Silence”

Tonight…..with the windy words

I lie in the dark alone

How should I name that night

But it carries insomnia all along.

Oh! Surprise…

Shaken hands fall down with a desire

And happen to hate my tear.

Find out a way, my soul

At least to survive with that night.

(Layeik Pyar)

P.S

Friendster ဘလော့မှာ ၂၀၀၈ ခုနှစ်က တင်ခဲ့ဖူးတဲ့ ကဗျာတိုလေးပါ။

*****************************************************************************************

စနေနေ့က မျက်ရည်ကျခဲ့ပြန်တယ်

ကြည့်စမ်း…။

ဟောင်းသွားပြီ ထင်တဲ့ အိပ်မက်ဆိုး

ဘယ်တော့မှ မတွေ့ချင်တော့ပါဘူးဆိုမှ…ကွယ်။

တကယ်ဆို…ငါ ဒူးထောက်ခဲ့ပါတယ်

ဟားတိုက် ရယ်သံတွေကို ကြားယောင်တိုင်း

အလက်ထရောနစ် အငွေ့သန်းနေတဲ့ ဒဏ်ရာတွေက တနက်တရှိုင်း။

တမင်တူးစရာ မလိုဘဲ ကိုယ့်ရုပ်ကြွင်း ကိုယ်ဖော်လို့

ချစ်ခြင်းဆိုတဲ့ သတ်ပုံက ဘယ်တော့မှလည်း မမှန်ခဲ့ဘူး။

စကားလုံးတွေ မြင်ရတာနဲ့တင် အိပ်မက်ထဲ ပြန်ရောက်သွားသလို

လှိုက်ခုန်ဖွယ် နာရီ မိနစ်တွေ

အခါခါမက ပြန်လွမ်း

ဟောဒီ မျက်ရည်ဆိုတာတွေက အလိုက်မသိပြန်ဘူး။

ငါ…. ဘာမှ မတတ်နိုင်တဲ့ စက္ကန့်တွေ….ရယ်

မမျှော်လင့်ဘဲ

ရင်ဘတ်ထဲ တဆုံး နက်ရှိုင်းသွားခဲ့တဲ့ ဒဏ်ရာ…ရယ်

ချစ်ခြင်း မုန်းခြင်း စတာတွေ…..ရယ်

ဘယ်လိုပဲဆိုဆို…

လင်းလင်း သီချင်းထဲကလိုပဲ နေတတ်သလို နေပါတော့…ပေါ့။       ။

11th Oct, 2009 (Sun)

Layeik Pyar

”ဒဏ်ရာဟောင်းတွေထန်တဲ့ည”

ကျွန်မ မမေ့နိုင်သေးဘူး။

နီယွန်မီးတိုင်တွေနဲ့အတူ အားလုံးအသစ်တွေ ပြန်ဖြစ်လာတဲ့ည…။

အဝေးက ဘုရားမီးရောင်ထိန်ထိန်မှာ တိုင်တည်မိတဲ့အထိ

သူ့ကို ကျွန်မ အလွန်အကျွံ သတိနေသေးတယ်တဲ့။

ဖုန်းခလုတ်တွေပေါ် အလိုလို နှိပ်မိတယ်

ဆက်သွယ်မှုဧရိယာပြင်ပကနေလည်း သူ့စကားသံကိုလွမ်းပါတယ်။

အဝေးပြေးလမ်းပေါ်မှာ ကျန်ခဲ့တဲ့ အရိပ်တွေနဲ့

ဦးနှောက်က လှိုင်းတထန်ထန်။

ဘာလို့ မေတ္တာတွေ အခါခါ ပို့မိပြန်ပါလဲ။

သူ အိပ်ပျော်နေပါလား… အလုပ်တွေကြားမှာ ပိနေမလား။

မျိုချလိုက်ရတဲ့ စကားတွေနဲ့ မှန်ပြတင်းပြင်ပမှာ ညက တလင်းတချင်း

သူ့ခြေလှမ်းတွေကို ရိုက်ချိုးမိခဲ့သလားလို့

ကိုယ်တိုင်အပြစ်မကင်းမိတဲ့ ရောဂါဟောင်းကလည်း ပြန်ထလို့..။

အဲဒီညက နှိပ်စက်လိုက်တာ။

ကြိတ်မှိတ်အိပ်ပျော်အောင် ကြိုးစားရင်း ရင်ခတ်လှိုင်းဒဏ်သင့်လို့

အဲဒီညမှာပဲ ကျွန်မ ခါးသီးစွာ တိတ်ဆိတ်ခဲ့ရတယ်။

(လရိပ်ပြာ)

(17th September 2009)

*******************************************************

အေးချမ်းရာ

ပျံသန်းရတာအတောင်ညောင်းလာတော့လည်း

ဘုရားသွားကျောင်းတက်ချင်လာပြီ။

တယ်ဟုတ်ပါလားလို့ထင်လိုက်တော့မှ

ဒိုင်းတစ်ခုလိုယူသုံးမိတဲ့အဖြစ်ကထင်ရှားသွားတယ်

ဘုရားကိုအားနာလိုက်တာ။

လုပ်စရာတွေပွစာကျဲနေတဲ့စားပွဲက

နေရာတိုင်းမှာကြိုဆိုနေတဲ့ဘဝ

တစ်ယောက်ထဲသီးသန့်ကြုံရတာတော့မဟုတ်ဘူးပေါ့။

မိုးခြိမ်းသံကြားတော့မှခိုလှုံချင်လာတယ်

ထန်းလက်မဟုတ်တဲ့ အကာအကွယ်တစ်ခု

ကျွန်မတို့ခေါင်းရင်းမှာရှိတာ နည်းလား။ ။

(လရိပ်ပြာ)

http://layeikpyar.blog.friendster.com/

………………………………………………………………………………..

ပစ္စုပ္ပန်

ဟောဒီ ပန်းချီနုနုလေး ဆွဲခဲ့မိတယ်

မင်းတပ်ပေးတဲ့ ကြိုးလေးမှာ
ငါက အစီအစဉ်တကျ ပျော်ဝင်လို့…။
ပျော့ညံ့သွားတဲ့ စိတ်တွေကိုပဲ အပြစ်ပြောရတော့မှာပဲ။

တကယ်ဆို
မင်းက နည်းလမ်းတကျရှင်သန်ခဲ့သူ။

ငါ့စိတ်ကူးတွေထဲက အိပ်မက်ချိုကတော့
ဝေးမြေတစ်ခုခြားခဲ့ရပေါ့။
ဒါနဲ့တောင်
မိုက်မိုက်မဲမဲ ငါက
လမ်းလျှောက်သင်စ စကားလုံးတွေနဲ့
လိပ်ပြာသန့်စွာ ကျဆုံးချင်တုန်း။ ။

(ဇူလိုင် ၃၊၂ဝဝ၉)

———————————————————————-

မနက်ဖြန်များစွာရဲ့လူ….

မနက်ဖြန်များစွာရဲ့လူ….

မင်းကိုငါ မတွေးမိဘူး
ဒါပေမဲ့ ငါ့အာရုံတွေထဲမှာ
မင်းရဲ့သဏ္ဍာန်က မားမတ်စွာသူရဲကောင်းဆန်နေလိုက်နေပုံများ။

တစ်ခါတလေဆို တိတ်ဆိတ်ငြိမ်သက်စွာ
အပြစ်ကင်းစင် ကြည်ကြည်လင်လင်
ငါ့အနားက နတ်လုလင်တစ်ပါးရယ်။

မင်းရဲ့တေးသံမှာ ငါကညင်ညင်သာသာစီးဆင်းလို့
မင်းရဲ့စကားသံမှာ ငြိမ့်ငြိမ့်ညောင်းညောင်းမျောပါလို့
ပြတ်ထင်လှတဲ့သက်တန့်တရှိုက်မှာ
အရူးအမူးဖြစ်သွားလိုက်တာ
အညတရဆန်တယ်ဆိုလည်းဆိုစေတော့။

လောကကြီးကိုက ပြကွက်တွေဆန်းနေတတ်တော့
ရင်တစ်ဆောင်လုံးလည်းတခမ်းတနားပါပဲ
အရုပ်ကြိုးပြတ်ရှိုက်လိုက်ရတဲ့ သက်ပြင်းတွေက
မနက်ဖြန်တွေထဲ အစီအစဉ်တကျသိမ်းပိုက်လို့
နယ်မြေသစ်စကားလုံးတစ်ခု ငါဖန်တီးရဲခဲ့လေပြီ။ ။

လရိပ်ပြာ

(ဘလော့စပေါ့မှာတင်ဖူးတဲ့ကဗျာလေးပါ)

*****************************************************

”ဟတ်ပီးဘတ်ဒေး”

ဟတ်ပီးဘတ်ဒေးလို့

ယောင်ပြီးပြောဖို့တောင် အခွင့်မရှိဘူး

ဒီပြက္ခဒိန်ကိုပဲ အံကြိတ်ပြလိုက်တယ်

ဝေးကွာမှုနဲ့ အေးစက်လို့

ဘတ်ဒေးကိတ်လည်း

ရက်လွန်ဦးမယ်

ယနေ့မှစနှစ်တစ်ရာတိုင်ပါလို့

ဒီလက်ခုပ်က တီးမိပြန်ပြီ

ဒီစကားတွေ ပြောမိပြန်ပြီ

ဒီလိုနဲ့သာ

အဲဒီ ရုပ်မမြင် သံမကြားစကားလုံးတွေ

မေ့ထားလိုက်တယ်

နေ့တိုင်းဆန်းဒေးမှ မဟုတ်တာ။  ။

လရိပ်ပြာ

**********************************************************

မဟောင်းတဲ့မီးလျှံ

မျှော်လင့်ချက်တွေနဲ့ စိမ်းစိုနေတဲ့ နေ့တွေရယ်

လမ်းမှန်မှန်လျှောက်နေပါရစေ။

ဖုန်းသံတစ်ချက်မြည်တိုင်း

စိတ်တွေဆယ်ခါအဝေးရောက်တယ်။

အဲဒီလိုပဲ

မနေ့တနေ့ကလည်း

ကြိုးမျှင်ထဲ စိမ့်ဝင်စီးမျောနေတဲ့ စကားလုံးတွေကို

အဟုတ်ထင်တပ်မက်ခဲ့ဖူးသေး။

ကိုယ့်ဘာသာပြန်ညာခဲ့ရတဲ့ ညနေပေါင်းများစွာ

မလာပါနဲ့တော့။

ဒါပေမဲ့

မျှော်လင့်ခြင်းဓာတ်ခံတွေက

ဖျောက်ဖို့ခက်တဲ့ဗီဇတွေလို

ဝန်းကျင်မှာ ခြုံခိုတိုက်တယ်။

ဟိုးဝေးဝေးမှာကျန်ရစ်ခဲ့တဲ့ ပုံရိပ်တစ်ခုက

ဒီနေ့ပိုပြီး ရောင်စုံဖြာနေပြန်တော့

ဟောဒီလိုနေ့တွေနဲ့ ဆက်နေပစေဦးပေါ့။  ။

လရိပ်ပြာ

*********************************************

“Wednesday With …………”

ဒါ ဒုတိယအကြိမ် …

E word တွေ ရင်ထဲအစီအရီ

မီးရထားခုံးကျော်တံတားပေါ် ခုန်ပေါက်ပြေးဆော့ကြ

မီးပွိုင့်ရှေ့မှာ မျက်ရည်ဝဲနေမိသေး။

“မျှော်လင့်တာများသွားတဲ့ မိန်းကလေးတစ်ယောက်”က

ကားလမ်းကို သတိမလွတ်တလွတ်ဖြတ်ကူးရင်း

Wednesday ကိုမုန်းလာတယ်။

မတတ်နိုင်ဘူး ကံကြမ္မာရယ်

ကိုယ်တိုင်အယုံသွင်းခဲ့တဲ့ နေ့စွဲတွေ

အလုပ်ရှုပ်ရင်းတောင်သတိတရဆုတောင်းပေးမိတဲ့အထိ

Wednesday ဆိုတာသောင်ပြင်ပေါ်က သဲအိမ်ပါ။

ဒီတစ်ခါလည်း

ပါးပါးလေးမဟုတ်ဘူး ရှုံးပြန်တယ်။

အခြောက်တိုက်တော့ မလွင့်စင်သွားပါရစေနဲ့

နောက်ဆုံးနေရာက ဆိပ်ခံဘောဆူဆူညံ

ကျန်နေတာ ဖုန်းသံတစ်ချက်တော့ ရှိတယ်။

ငါ ရယ်မောပျော်ရွှင်ပြရတာ အထိုင်ကျလာပြီပဲ

အိမ်မှာ… လမ်းပေါ်မှာ… အပေါင်းအသင်းတွေကြားမှာ…။

အေးချမ်းချင်ပါပြီ ကံတရားရယ်

သင်ခန်းစာတွေ ရှေ့ဆင့်နောက်ဆင့် မွေးဖွား

“မှန်ရာကိုပဲဆိုခဲ့တာ အမှန်ပါ ကံကြမ္မာ”။

တကယ်တမ်းဆိုထားပါလေ

ဘယ်သူမှ မမှားဘူးလို့ပဲဆိုရအောင်

အဓိပ္ပါယ်မရှိတဲ့အတွေးအခေါ်တွေနဲ့

သေသွားဖို့ … တစ်စုံတရာနာကျင်သွားဖို့

သာသာလေးစဉ်းစားနေမိတာပါ။

တကယ်ဆို

သူငယ်ချင်းရဲ့သံယောဇဉ်က တင်းလွန်းတယ်။

စိတ်ထဲက ဒဏ်ရာကိုလည်းဖျက်ဖို့က ခက်နေ

လိပ်ပြာတွေ ရှက်နေရအောင် ငါက အပြစ်မကင်းသလို…။

ဘာကိုမှလည်း အပြစ်တင်ဖို့ စိတ်မပါတော့ဘူး

ဗလာဟင်းလင်းစိတ်က ဟင်းလင်းပွင့်

နောက်ဆုံးရထားလည်း ထွက်သွားခဲ့ပြီ။

ဝေ့ဝေ့ဝဲဝဲနေ့ရက်တွေထဲမှာ

ဒီစကားလုံးတွေ

ဒီအဖြစ်အပျက်တွေ

အားလုံးမြန်မြန်ကြီး ရှတကွဲကြေ

လက်ခံဖို့ကြိုးစားချိန်တောင် မရလိုက်ဘူး

ဗုဒ္ဓဟူးတစ်ခုမှာ အရုပ်ကြိုးပြတ်ခဲ့ရတယ်။           ။

လရိပ်ပြာ

****************************************************

ကြိုးမဲ့အောက်စီဂျင်

မစိမ်းတစိမ်းစကားလုံးတွေ

ရှတတရင်ခုန်သံနဲ့

နိုဝင်ဘာပေါ်မျောလွင့်ခဲ့တဲ့ရနံ့တချို့

ရင်ထဲမှာအစီအစဉ်မကျဝင်လာ

မြင်းရိုင်းတွေလို ကဆုန်ပေါက်နေပြန်ပြီ။

နေရီရီသူ့မျက်ဝန်းတစ်စုံက

အာရုံဦးတစ်ခုမှာ အမှတ်တရအဖြစ်ဆုံးပုံပြင်..။

အဲဒီမနက်ခင်းကပဲ

ရာသီလေကိုလောင်ကျွမ်းစေ အေးမြစေနဲ့

အစိုးမရခိုင်းခဲ့တာ။

မှောင်ရီပေမဲ့ လင်းလက်ခဲ့တယ်

အပြုံးတစ်ခုကထွန်းညှိပေးခဲ့တဲ့မျက်နှာစာ

ဘာလို့စိုက်ကြည့်ခဲ့လဲ နိုဝင်ဘာရယ်

လွယ်လွယ်လက်နက်ချစေခဲ့တဲ့ဗျူဟာကို

ဦးညွှတ်ပါတယ်။

လောလောဆယ်တော့

လက်ဖ၀ါးအေးစက်စက်တွေနဲ့ အိပ်မက်လို့

နိုဝင်ဘာက ထိုင်းမှို့င်းချည့်နဲ့ မိုးကုတ်စက်ဝိုင်းမှာ…။

ရင်ထဲကသစ်ပင်က အပြာ

မိုက်လို့မညာခဲ့မိတဲ့ရင်ခုန်သံကိုပဲအားနာတယ်။

တစ်ခါတလေတော့

ကြာလေနစ်ဝင်လေထောင်ချောက်တစ်ခုမှာ

ဘ၀ကိုအရေးမကြီးသလိုဖွဲ့ဆိုရင်း

ရှင်သန်နေခဲ့တာအမှန်ပါနိုဝင်ဘာ။

အဲင်္ဒီဘ၀ထဲမှာ

ပါဝင်ပစ္စည်းတွေ ဘယ်လောက်တောင်များလဲ

ဘာတွေရင်းနှီးရဦးမှာလဲ

မသိတာတွေသိပ်များနေတဲ့ဘဝ

ပုံစံခွက်တစ်ခုထဲကနေ

လွမ်းနေမိတဲ့ညနေရီ။

အတိတ်နဲ့ပစ္စုပ္ပန်က ၂၄ နာရီချိတ်ဆက်ရင်း

အနာဂတ်ကိုပါယှဉ်ပြိုင်ရသေး။

ထားပါလေ

ဇန်န၀ါရီတွေဖေဖော်ဝါရီတွေ

စိတ်ကူးယဉ်လွန်းတယ်ပဲဆိုဆို

အိမ်နိမ့်စံစကားလုံးတွေနဲ့

နတ်သမီးအိပ်မက်ဆိုတာလည်းဖန်တီးပေးချင်တုန်း။

ဘာပဲဖြစ်ဖြစ်

အဲဒီနေ့ရဲ့သက်ဝင်လင်းလက်မှုက

လမ်းပေါ်မကျန်ခဲ့ဘူး။

နီယွန်ရနံ့ပြင်းပြင်းဖိတ်စင်လို့

ညနေခင်းတစ်ခုနဲ့ဝေ့၀ဲနှုတ်ဆိတ်

ရိုးရိုးလေးပဲ

လက်ပြနှုတ်ဆက်ခဲ့တဲ့ညနေ။   ။

(လရိပ်ပြာ)

*****************************************************

လမ်းလွဲကောင်းကင်

ရောင်စုံတသိုက်

လမ်းပေါ်ပြန့်ကျဲလို့

ကျွန်မရဲ့ အိမ်ပြန်လမ်းကိုဖာထေးပေးတယ်။

ယစ်မူးမှုတွေစက်ခဲ့ရတဲ့ နေ့စွဲတွေအတွက်

လျော်ကြေးဆိုတာတော့

မတောင်းဆိုရက်ပါဘူး။

ကျွန်မရဲ့ဟိုဝေးဝေးမှာ ရှင်သန်ခဲ့တဲ့

အညိုရောင်သစ်ပင်တစ်ပင်…

အသက်ရှူသံက

ဘာပဲဖြစ်ဖြစ် နွေးထွေးလို့။

ပုလဲသွယ်စီထားတဲ့ သံစဉ်တချို့

လက်ဖ၀ါးပေါ်သက်ဆင်းရင်း

ရာသီက စိမ်းစိုနေ..။

အဲဒီလိုအချိန်ကာလမှာ

လန်းဆန်းတဲ့ရာသီတစ်ခု

လေးဖြူသီချင်းတစ်ပုဒ်နဲ့

ကျွန်မရဲ့စားပွဲလေး တောက်ပနေချိန်

ဘာအတိတ်မှရှိမနေတော့ဘူး

ပစ္စုပ္ပန်သက်သက်ပဲ ပျော်ဝင်လိုက်တော့တယ်။   ။

လရိပ်ပြာ

*************************************************

2008 November 6 …6:30 pm

မြို့လေးကို အဝေးပြေးကားပေါ်က လက်ပြလိုက်တယ်

သူငယ်ချင်းရဲ့တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဝေးဝေးလာရင်း

သူစိမ်းတွေအလယ်မှာ ကျွန်မက တိတ်တိတ်လေးငိုလို့။

ပျော်ရွှင်စွာလာခဲ့တယ်

ခုတော့တစ်ယောကတည်း။

ပြီးတော့….တစ်ယောက်တည်း

နားမလည်နိုင်တဲ့ စကားသံတွေကြားမှာ

မနိုင်ဝန်တွေနဲ့ အမိမြေကိုသတိတရ။

ဘာပဲဖြစ်ဖြစ်

ရီနန်မန်းရှင်းရှေ့က ပဲနို့ဆိုင်လေးကတော့ ကျန်ရစ်ခဲ့ပြီ။

လောလောဆယ်တော့ သူငယ်ချင်းကို သတိရနေတယ်

ပြီးရင်လည်း သူ့ကို သတိရဦးမယ်။

သီတင်းကျွတ်လပြည့်ညက

သန်းခေါင်ရောက်လုနီးထိ ပျော်ခဲ့တဲ့ဈေးည မှတ်မိနေတယ်။

အဲဒီညကလို ခုလည်း

ရှေ့က အဝေးပြေးလမ်းပေါ်က နီယွန်မီးရောင်တွေနဲ့လေ

ပထမအကြိမ်လွမ်းရတဲ့ အပြန်ခရီး…

ငါက အနာဂတ်ကိုကြိုမသိခဲ့ဘူး

ဒါပေမဲ့ သူငယ်ချင်းကိုတော့ လွမ်းတယ်။

Layeik Pyar

**********************************************************************

ရင်ကွဲနာ

မိုးတွေရွာနေတဲ့အခါ
မင်းမှာအရိပ်တစ်ခုရှိနေရဲ့လား
မသိစိတ်က
နောင်ဘ၀အထိဖျက်လို့ပြင်လို့မရတဲ့
ကျောက်စာ…….
အိပ်မရတဲ့ညတွေမှာ
ငါဟာလွမ်းတဲ့စိတ်ကိုတဖွဖွပွတ်သပ်လို့
အတွေးထဲ
မင်းမျက်ဝန်းလေးဘယ်ပန်းချီ
မင်းရယ်လိုက်တဲ့ရယ်သံလွင်လွင်လေးဘယ်ကဗျာ
မင်းမရှိတဲ့ညတွေမှာ
ငါဟာငရဲလိုပူလောင်ပြင်းပြလို့
မင်းလေးရဲ့ဥပေက္ခာဟာ
ငါ့ဘ၀အတွက်ဒုက္ခသစ္စာပါစုစုအောင်ရယ်……
အိပ်မရဘူး
အိပ်မက်အသေ၊ ဘ၀အရှင်
ရင်ဟာသုံးမရတဲ့ဟင်းလင်းပြင်လား
အနာတရနဲ့လမ်းတကာလွင့်စင်နေ
ဒဏ်ရာကအတွေးအထိနစ်ဝင်နေ
အပြင်မှာ
နွေ………
သစ်ရွက်တွေကတငွေ့ငွေ့ပဲ့ကျလို့
အလွမ်းကလက်ရည်တပြင်တည်းစိမ်းလန်းလို့
ဒီမှာ…..ရင်တွင်းဖွဲ့မီးအကြိမ်ကြိမ်လောင်တယ်
စကားတွေခဏခဏမှားတယ်
အိပ်မက်ထဲထိ
နှုတ်ခမ်းပါးတွေကိုမေ့လို့မရဘူး
သူငယ်ချင်းမလေး။       ။

Maung Phone

4 Responses to “ကဗျာ”

  1. maung pyone Says:

    တကယ်မိုက်တယ် မဲတူရေ
    ဒီကဗျာကို တင်ပေးတဲ့ ကောင်စိန်ကို မျောက်ပိန်ကအထူးကျေူဇူးတင်ပါကြောင်း

    Maung Phone ရဲ့ ဆရာ
    Maung Pyone

  2. theingarra Says:

    အေးချမ်းရာ ´ ကို ဖတ်ရတာ ပိုကြိုက်သလို….

  3. linpyarnway Says:

့ဘုန်းနေသွန်း . ..

    မြို့ပြမိန်းမတစ်ယောက်နဲ့အချစ်အကြောင်းစကားစမြည် .. အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ .. ခေတ်ကိုထင်ဟပ်စေတယ် .. ပြီးတော့ ကဗျာဓာတ် .. မာန် အရမ်းပါတယ် .. တကယ်ကို ကြိုက်ပါတယ်

  4. bravo Says:

    ကဗျာလာဖတ်ပါတယ်ခင်ဗျား


Leave a comment