ရင်ခုန်သံ…၁
ဒီတစ်ခါ ကြားရတာ ပထမဆုံးလည်း မဟုတ်တော့ဘူး
ဒါတောင် အဲဒီစကားကြားတော့
ဖိစီးမှု ဒဏ်ရာတွေ ရှုပ်ထွေးရင်း တိတ်တိတ်လေးစိတ်ချမ်းသာသွားမိသေး။
တစ်ဘဝစာ ရွေးချယ်လိုက်မိတဲ့ ဒဏ်ရာပဲ
ကြေကွဲရမယ်ဆိုလည်း ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲပေါ့။
ခုဆို တစ်ယောက်တည်း လမ်းလျှောက်ရင်း ပြုံးနေမိတဲ့ အထိ
ဘာကို ပျော်လို့ ပျော်နေမှန်းမသိ
ကိုယ်တိုင်တောင် သတိမပြုမိဘဲ တက်ကြွနေလိုက်ပုံများ….။
စနေ..တနင်္ဂနွေတွေ လာစမ်းပါ
သူရယ်သံတွေ အရှင်လတ်လတ် ကြားချင်လှပြီ
ယောင်ယမ်း နှိပ်မိတဲ့ ဖုန်းခလုတ်တွေကလည်း ငြိုငြင်နေပြီလေ..
သန်းခေါင် မိုးသောက်မရှောင် ထထလွမ်းနေတတ်တဲ့ ကာလများနဲ့
အသားမကျသေးလို့ ဒီရင်ခုန်သံဖွဖွကိုပဲ ငုံ့ငုံ့ကြည့်နေရတယ်။
၂၃ အောက်တိုဘာ ၂၀၀၉ သောကြာနေ့
ရင်ခုန်သံ… ၂
ညနေမှာ ရွာတဲ့ မိုးက သည်းသည်းထန်ထန်
ရင်ထဲမှာ ဝုန်းတဒိုင်းဒိုင်းနဲ့
စကားလုံးတွေက လည်ချောင်းဝမှာ ပြည့်ကျပ်ညပ်ပြီးတော့ပဲ
မနေ့တနေ့ကလို အားလုံး အသစ်ပြန်ဖြစ်။
၂၆ အောက်တိုဘာ ၂၀၀၉ တနင်္လာနေ့
ရင်ခုန်သံ.. ၃
ရင်ခုန်သံဆိုတာ အသက်ရှင်နေသရွေ့ ခုန်နေဦးမှာလေ
ဒါပေမဲ့ နေပါဦး..
အဲဒီ ရင်ခုန်သံက အဲဒီလောက် ကဆုန်ဆိုင်းသွားစရာ လိုလို့လား
အချစ်ပြီး အချစ်.. အချစ်နဲ့
ဟောဒီ သံသရာ ဘယ်တော့ အလည်ရပ်မလဲ
တကယ်ဆို ဟယ်လို တစ်ချက်ပဲ ကြားလိုက်ရုံပါ။
ပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှူမှားလို့
အတိတ် ပစ္စုပ္ပန် အနာဂတ်တွေ မှေးမှိန် ပျောက်ပျက်သွားတဲ့ တဒင်္ဂ။
အဲဒီ ရင်ခုန်သံလေးနားမှာပဲ စီးမျော နေထိုင်သွားချင်လာတဲ့ စိတ်က ဆိုးတယ်။ ။
၂၈ အောက်တိုဘာ ၂၀၀၉ စနေနေ့
























ကျောင်းက လွှတ်တဲ့ မြစ်ဝကျွန်းပေါ် ခရီးစဉ်အပြီးမှာ သင်တန်းဆင်းပွဲလေးကို ကတိုက်ကရိုက် စီစဉ်ကျင်းပလိုက်ပါတယ်။ ပြင်ဆင်ချိန် သိပ်မရခဲ့တဲ့ အဲဒီသင်တန်းဆင်းပွဲလေးရဲ့ အမှတ်တရ ဓာတ်ပုံတွေကို အမှတ်တရ တင်လိုက်ပါတယ်။



























